
ထားဝယ် ဇွန် ၂၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို နောင်တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်း ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ထူးချွန်သည့် လူတော်လူကောင်းများ ဖြစ်လာကြ စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာ တတ်မြောက်မှသာလျှင်အကောင်းအဆိုး အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ကြိုးစားသင်ယူ လေ့လာကြစေလို ကြောင်း၊ နိုင်ငံတော်က ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထား အားပေးကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများလာရေး၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး စဉ်ဆက်မပြတ် ပညာသင်မှု အခွင့်အလမ်းရရှိရေးကို အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရဝန်ထမ်းသား /သမီး ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦးအား ငွေကျပ် ၁၂ သိန်း၊ နှစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးအား ငွေကျပ် လေးသိန်း၊ တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး အား ငွေကျပ် လေးသိန်း၊ ရိုးရိုးအောင်မြင်သူ ခုနစ်ဦး အား ငွေကျပ် ခုနစ်သိန်း၊ စုစုပေါင်း ချီးမြှင့်ငွေကျပ် ၂၇၀၀၀၀ဝ ကို ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပြီး Petro and trans ကုမ္ပဏီလီမိတက်နှင့် P.T.C ကုမ္ပဏီလီမိတက်တို့ကလည်း ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ငွေကျပ်သိန်း ၂၀ ကို ဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်မိုးမြင့်ထက် အောင်က ဂုဏ်ထူးများဖြင့် အောင်မြင်အောင် ကြိုးစားခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)