
နေပြည်တော် ဇွန် ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ စောင့်ကြည့်အကဲ ဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားကော်မတီ ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်း ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အဓိက ရည်မှန်းချက်များမှာ ကလေးများ ကို ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိ သည့် ကလေးအလုပ်သမားများကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ် ရှိသည့် အလုပ်နှင့် လုပ်ငန်းခွင်များ တွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများကို ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည် အလုပ် အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေး တို့ကို စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ အမျိုးသား အဆင့် ပထမငါးနှစ်လုပ်ငန်းစီမံ ချက်ကာလအတွင်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေ အနေနှင့် ဒုတိယငါးနှစ်လုပ်ငန်း စီမံချက်အပေါ် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ ကို ဆွေးနွေးတင်ပြပြီး လုပ်ငန်း ကော်မတီဝင်များနှင့် တက်ရောက် လာသူများက လုပ်ငန်းဆောင်ရွက် ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာ အရုဏ်ဦးက စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များကို အတည်ပြုချက် ရယူပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ သတင်းစဉ်