
နေပြည်တော် ဇွန် ၂၈
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူ များ၊ ဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံ များနှင့် အရာထမ်း၊ အမှုထမ်းများက online ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ကို အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ဖွဲ့စည်းထားရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ယနေ့အခမ်းအနားမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသော အသိအမြင်ဗဟုသုတ များကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွ စွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်မှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ထား ရှိမှုများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများကိုလည်း ကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)များနှင့်တွေ့ဆုံ ကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ သတင်းစဉ်