
နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နယ်မြေခံ လေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ၏ မိဘများနှင့် ဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နယ်မြေခံလေ့ကျင့်ရေး ကျောင်း ခေတ္တကျောင်းအုပ်ကြီးသည် ပြည်သူ့ စစ်မှုထမ်း သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။
ထို့နောက် တပ်ခွဲမှူးက ဦးဆောင်၍ သင်တန်း ဆင်း တပ်ခွဲကတိသစ္စာခံယူကြပြီး ခေတ္တ ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းတွင် စံပြတပ်သားဆုနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိကြ သည့် သင်တန်းသားများကို တစ်ဦးချင်း ဆုများ ချီးမြှင့်သည်။ ဆက်လက်၍ ခေတ္တကျောင်းအုပ်ကြီးက သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သင်တန်းဆင်းပွဲအပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမ၌ ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန် အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန် ဖြစ်ကြောင်း၊ ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ် စတင် ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြ မည့် မျိုးဆက်သစ် လူငယ်ရဲဘော်များအားလုံးကို လေးစားဂုဏ်ယူကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြား တတ်မြောက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရ သည့် စွမ်းရည်၊ စွမ်းပကား ပြည့်ဝသော နိုင်ငံ့သား ကောင်း စစ်သည်များဖြစ်အောင် ဆက်လက်လေ့ကျင့် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သင်တန်းသားများကို တွေ့ဆုံ၍ သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)