၂၆ - ၆ - ၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ဘဏ်များနှင့်ပတ်သက်သည့် ဖော်ပြချက်များအပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက  ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊    ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့်  ပုဂ္ဂလိကဘဏ်အချို့မှ  ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း နှင့်  အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားပါသည်။ 
နိုင်ငံပိုင်ဘဏ်များအပါအဝင်   ပြည်တွင်းဘဏ်များအားလုံး အနေဖြင့် မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာ စိစစ်ရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။   နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ် ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေး လွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက် အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို  တိုးမြှင့်ဆောင်ရွက် ခြင်း (Enhanced Due Diligence - EDD) အား ကောင်းစွာဆောင်ရွက် လျက်ရှိပါသည်။
ငွေကြေးဆိုင်ရာ   အရေးယူဆောင်ရွက်ရေးအဖွဲ့   (FATF)  ၏ စံသတ်မှတ်ချက်များနှင့်အညီ   မြန်မာနိုင်ငံ၏ အကောင်အထည် ဖော်ဆောင်ရွက်မှုဆိုင်ရာ   တိုးတက်မှုအစီရင်ခံစာများကို  အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (APJG) သို့ တင်ပြချက်များနှင့် မျက်နှာချင်းဆိုင် အစည်းအဝေးတွင်  ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး  နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၆-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။  
 မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာ လည်း မြန်မာနိုင်ငံသားများအတွက် အဓိက မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့်  ဆေးနှင့်ဆေးအထောက်အကူပြု ပစ္စည်းများ၊   စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊  စက်သုံးဆီ၊စားသုံးဆီများ တင်သွင်းမှုများအတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဘဏ်များအနေဖြင့်ယင်းကုန်စည်များ တင်သွင်းခြင်းအတွက်  ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှု ဆိုင်ရာ  သက်သေခံစာရွက်စာတမ်းအထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင် ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည် ဆိုင်ရာဘဏ်များ၊    ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ မှ  ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆို မှုများ  ရေးသားဖော်ပြချက်များမှာ  မြန်မာပြည်သူများ၏  အကျိုး စီးပွားကို  ထိခိုက်စေသည့်အပြင်  မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ အကြား ဆက်ဆံရေးကိုလည်း  ထိခိုက်စေသဖြင့်  အဆိုပါရေးသား ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေ ရန် အသိပေးထုတ်ပြန်အပ်ပါသည်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
မြန်မာနိုင်ငံဘဏ်များအသင်း
နိုင်ငံပိုင်ဘဏ်များ
ပုဂ္ဂလိကဘဏ်များ 
(၂၈-၆-၂၀၂၄)