
မြစ်ကြီးနား ဇူလိုင် ၂
ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ် အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက် နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရောက်ရှိကာ မြို့ပေါ် (၂၈)ရပ်ကွက်၊ (၁၇) ရပ်ကွက်နှင့် အာလမ်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ အမြန် ဆုံးကယ်ဆယ်နေရာချထားပေးနိုင်ရေး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထန်နန် ဦးဆောင်၍ ရေဝင် ရပ်ကွက်များအား အပိုင်းလိုက်တာဝန်ခွဲဝေချထားပြီး ရေယာဉ်၊ ကားများ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် / ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ညအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးကြသည်။
အဆိုပါမြစ်ရေမြင့်တက်မှု ဖြစ်စဉ်ကြောင့် ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်း ၃၇ ခုအထိ ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု စုစုပေါင်း ၂၀၆၄ စုတို့အား ကူညီကယ်ဆယ်ပေးခဲ့ကြကာ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျစုဖွဲ့၍ ဆောင်ရွက်ပေး ကြသည်။
ဧရာဝတီမြစ်ရေသည် ယနေ့ နံနက်အစောပိုင်းမှ စတင်၍ ပြန်လည်ကျဆင်းလာခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်သည် ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများအား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူများထိခိုက်မှု အနည်းဆုံးဖြင့် အချိန်နှင့်တစ်ပြေးညီ စနစ်တကျစုဖွဲ့ ၍ ရှာဖွေကယ်ဆယ်နိုင်ခဲ့မှုအခြေအနေများ၊ မြစ်ကြီး နားမြို့တွင် မြစ်ရေကျဆင်းပြီး ဗန်းမော်မြို့၊ ရွှေကူ မြို့တို့တွင် မြစ်ရေမြင့်တက်လာနိုင်မှုအပေါ် ကြိုတင် စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တနိုင်းနှင့် ဖားကန့် တို့တွင် သဘာဝဘေးဖြစ်စဉ် ဖြစ်ပွားမှု/ ဖြစ်ပေါ်နိုင် သည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးနှင့်ကနဦးလိုအပ်ချက်များ စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး၊ လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်နိုင်ရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် မြစ်ကြီးနားမြို့ စီတာပူတံတားအနီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စုဖွဲ့၍ ရပ်ကွက်ရေဝင်ရောက်မှုအပေါ် ရှာဖွေကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ကုန်း ရပ်ကွက်အတွင်း သယံဇာတရေးရာဝန်ကြီး ဦးဆောင် ၍ အစုအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ကျွေးမွေးရေးဆိုင်ရာများကို လည်းကောင်း၊ မြို့သစ်ရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းနှင့်မဟာ ဗန္ဓုလလမ်းဆုံနေရာမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ စုဖွဲ့၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်မည့်အိမ်ထောင်စုများအား ကူညီဆောင်ရွက် ပေးနေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ရေဘေးရှောင်မိသားစုများ အတွက် နေ့လယ်စာထမင်းဘူးများကို စက်လှေများ ဖြင့် လိုက်လံထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များတွင် ရေဝင်ရောက်ခဲ့ ပြီး ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်မြို့ပေါ်ရပ်ကွက် များအပါအဝင် စန်းကား၊ နောင်တာလော၊ မုတ်လွဲ၊ မိုင်းနား၊ မခန္တီး၊ နောင်ချိန်း ကျေးရွာများတွင်လည်း ရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန် ဘာသာရေးကျောင်းများနှင့် အခြေခံပညာကျောင်း များတွင် ရေဘေးရှောင်စခန်းပေါင်း ၁၂ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)