ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သူနာပြုတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

Image not available
 
 
 
ရန်ကုန် ဖေဖော်ဝါရီ ၉
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီ ၈ ရက်ညပိုင်း တွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့သည့် သူနာပြု တက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
 
ဆက်လက်ကြိုးပမ်း
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် မွန်မြတ်သောရည်ရွယ်ချက် များဖြင့် ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် သူနာပြု မဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့နှင့် အထူးပြု သူနာပြုဒီပလိုမာ ဘွဲ့များရရှိခဲ့ကြသူများအား ဂုဏ်ပြုပါကြောင်း၊ သူနာပြု သိပ္ပံဘွဲ့ရရှိခဲ့သူများအနေဖြင့် သူနာပြုပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာကြစေလိုပြီး မဟာသိပ္ပံ ဘွဲ့များ၊ အထူးပြုဒီပလိုမာဘွဲ့များ၊ ပါရဂူဘွဲ့များရရှိသည် အထိ သန္နိဋ္ဌာန်ချ ဆက်လက်ကြိုးပမ်းကြစေလိုပါကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် မိမိတို့၏ အနာဂတ်ရည်မှန်း ချက်ပန်းတိုင်များ အမြန်ဆုံးချမှတ်စေလိုပြီး ထိုသို့ချမှတ် ရာ၌ ဝါရင့် ဆရာ ဆရာမများ၊ မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများနှင့် တိုင်ပင်ကာ ချမှတ်စေလိုပါကြောင်း။
 
ယခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးသူနာပြုတက္ကသိုလ် များမှ သူနာပြုသိပ္ပံဘွဲ့ရ ၃၀၆ ဦးကို မွေးထုတ်ပေးခဲ့ပြီး ဝန်ကြီးဌာနမှ အဆိုပါသူနာပြုဘွဲ့ရများအားလုံးကို ယခု ရက်ပိုင်းအတွင်း ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများတွင် ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည် သာမက လက်တွေ့သူနာပြုစုမှု အတွေ့အကြုံများကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း လိုအပ်ချက်များပြားသော သူနာပြုများ ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ရေးအတွက် သူနာပြုသိပ္ပံ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) on-campus နှင့် off-campus သင်တန်းများဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း။
 
တိုးမြှင့်ခေါ်ယူ
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ ပါဝင်ရေးဆွဲ ထားခဲ့သော သူနာပြုသိပ္ပံသင်ရိုးညွှန်းတမ်းသစ်ကို ၂၀၁၇ ခုနှစ်မှ စတင်အသုံးပြုသင်ကြားခြင်း၊ သူနာပြုသားဖွား သင်တန်းကျောင်းသစ်များ ဖွင့်လှစ်ခဲ့ခြင်းတို့နှင့်အတူ သူနာပြုသင်တန်းများ တက်ရောက်ခွင့်ရသူဦးရေကိုလည်း သိသာစွာတိုးမြှင့်ခေါ်ယူခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တစ်နှစ်လျှင် လူဦးရေ ၃၇၀၀ တက်ရောက်ခွင့်ပြုခဲ့ပါကြောင်း၊ လာမည့် ပညာ သင်နှစ်တွင်လည်း လူဦးရေ ၄၅၀၀ အထိ တိုးမြှင့်ခေါ်ယူလေ့ကျင့်ပေးသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ သူနာပြုများ သည် လုပ်ငန်းခွင်တွင် အလုပ်တာဝန်များပြားကာ အလုပ် ဝန်ပိနေသည်ကို သိရှိပါကြောင်း၊ သူနာပြုများအား ကူညီ ပေးနိုင်ရန်အတွက် အကူသူနာပြုဦးရေ ၃၀၀ ကိုလည်း ရန်ကုန်၊ မန္တလေးဆေးရုံကြီးများနှင့် နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ဆေးရုံကြီးများတွင် ကိုးလတာသင်တန်းဖြင့်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အဆိုပါအကူသူနာပြုများအား ဝန်ကြီးဌာနဆေးရုံများတွင် ခန့်အပ်တာဝန်ချထားမည် ဖြစ်ပါကြောင်း၊ အကူသူနာပြု များ၏ ဘဝတက်လမ်း၊ ပညာဆက်လက်သင်ကြားရန် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း။
 
အမြဲကြိုးပမ်းနေရမည်
 
သူနာပြုများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေး၊ နိုင်ငံတကာ ပညာတော်သင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာရပ်ကိုလည်း ကြိုးပမ်း ဆည်းပူးကြစေလိုပါကြောင်း၊ သူနာပြုများအနေဖြင့် သူနာပြုစုမှုပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများမြင့်မားနေစေရေး အမြဲကြိုးပမ်းနေရမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုကျင့်ဝတ်များကို စွဲမြဲစွာ လိုက်နာကျင့်သုံးကြရမည် ဖြစ်ပါကြောင်း၊ ပညာရပ်ပိုင်းကျွမ်းကျင်မှုမြင့်မားပြီး ကျင့်ဝတ်လိုက်နာသော၊ ပြည်သူများ က ချစ်ခင်လေးစားအားကိုးသော သူနာပြုကောင်းများ ဖြစ်လာစေရေး ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
 
ဆက်လက်၍ သူနာပြုတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြတ်သန္တာက ဂုဏ်ပြု အမှာစကားပြောကြားသည်။
 
ဘွဲ့များပေးအပ်
 
သူနာပြုတက္ကသိုလ်(ရန်ကုန်)၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင် သူ ၄၂ ဦး၊ အရေးပေါ်သူနာပြုစုမှုပညာ ဒီပလိုမာအောင်မြင်သူ လေးဦး၊ သူနာပြုသိပ္ပံ(ပေါင်းကူး)သင်တန်းအောင်မြင်သူ ၁၉၉ ဦး၊ သူနာပြုသိပ္ပံ(ပေါင်းကူး) (on-campus) သင်တန်း အောင်မြင်သူ ၂၁၀၊ သူနာပြုသိပ္ပံ(ပုံမှန်)အောင်မြင်သူ ၁၂၃ ဦးနှင့် အထူးပြုသူနာပြုဒီပလိုမာသင်တန်းအောင်မြင်သူ ၇၄ ဦးတို့ကို ဘွဲ့များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်