
မြစ်ကြီးနား ဇူလိုင် ၄
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန် ၃၀ ရက် က စတင်၍ စံချိန်တင်မြစ်ရေကြီးမြင့်မှု ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ပြည်သူများအား ရေဘေး ရှောင်စခန်းများဖွင့်လှစ်၍ ကူညီကယ်ဆယ် ထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါရေဘေး သင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၉) အတွင်း ရေဘေးရှောင်စခန်း ဖွင့်လှစ် ထားရှိသည့် မဟာအောင်မြေရွှေဘို ကျောင်းတိုက်သို့ ရောက်ရှိပြီး ရေဘေး သင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အားပေးစကားပြောကြား
ထောက်ပံ့လှူဒါန်းပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ က ရေဘေးသင့်ပြည်သူများအား မြစ်ကြီး နားမြို့တွင် ဇွန် ၃၀ ရက်က စံချိန်တင် မြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးသင့် မိသားစုများ၏ စားဝတ်နေရေးအဆင်ပြေ စေရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရေပြန် ကျဆင်းနေပြီဖြစ်သည့်အတွက် မိမိတို့ နေအိမ်များ ပြန်လည်နေထိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များကို မိမိတို့အနေဖြင့် ကူညီ ပံ့ပိုးဖြည့်ဆည်းမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ထောက်ပံ့လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က အဆိုပါရေဘေး ရှောင်စခန်းရှိ အိမ်ထောင်စု ၁၈၇ စု၊ လူဦးရေ ၁၀၀၀ ကျော်တို့အတွက် ဆန် အိတ် ၁၀ အိတ်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က ခေါက်ဆွဲခြောက်ဖာ ၃၅ ဖာ၊ ငါးသေတ္တာ သုံးဖာနှင့် ကုလားပဲ တစ်အိတ်တို့ကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက မိသားစုများအတွက် ထမင်းဘူးများကိုလည်းကောင်း ထောက်ပံ့ လှူဒါန်းကြသည်။ (အောက်ပုံ)
ဆက်လက်၍ စခန်းနေအိမ်ထောင်စု များကိုယ်စား ပြည်သူတစ်ဦးက လတ်တလော နေထိုင် စားသောက်ရာတွင် လိုအပ်ချက်များနှင့် အခက်အခဲများ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု အားပေးကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ရမ်ပူရပ်ကွက် နယ်မြေ (၇) အတွင်းရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ရေဘေး ရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး ရေဘေး သင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
အားပေးကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်တို့က ဆန်အိတ် ငါးအိတ်၊ ခေါက်ဆွဲ ခြောက်ဖာ ၂၀၊ ငါးသေတ္တာဖာ နှစ်ဖာနှင့် ကုလားပဲ တစ်အိတ်တို့ကိုလည်းကောင်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုက အလှူအဖြစ် ထမင်းဟင်း တစ်နပ်စာကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး မိသားစုများ၏ လိုအပ် ချက်များ၊ အခက်အခဲများကို ပြည်နယ် ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အားပေး ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့ ၏ ဇနီးများနှင့်အတူ မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ အလှူရှင်များက ငွေကြေး နှင့် စားသောက်ကုန်များ ပေးအပ်လှူဒါန်း ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့
အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက မြစ်ကြီးနားမြို့ စံချိန်တင်မြစ်ရေကြီး မြင့်ခဲ့သည့် ဖြစ်စဉ်အပေါ် ပြည်နယ်အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်သူ များက စည်းစည်းလုံးလုံးဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်နေကြ သည့်အတွက် ထိခိုက်မှုမရှိအောင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သဘာဝဘေးဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဖြစ်ရပ်/ဖြစ်စဉ်များဖြစ် သည့် ကျန်းမာရေးကိစ္စရပ်များ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း မိမိတို့ အနေဖြင့် ထိန်းချုပ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က ရေဘေးသင့် ပြည်သူများအတွက် မြစ်ကြီးနား ယူနန် ဘုံကျောင်းနှင့် ထိန်ချုံးဟုန်ရွှင်ကုမ္ပဏီ တို့က ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံ ပေးအပ် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀၊ ဆန် အိတ် ၄၀၀၊ ဆီ ၁၀ ပိဿာဘူး ၁၀၀၊ ခေါက်ဆွဲခြောက်ဖာ ၃၀၀ နှင့် ရေသန့် ဘူးများကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်၍ မြစ်ကြီးနားယူနန်ဘုံကျောင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်