
နေပြည်တော် ဇူလိုင် ၄
အိန္ဒိယသမ္မတနိုင်ငံ၌ ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူနှင့်ဆန်ကွဲများ ပြည်ပသို့တင်ပို့မှု တားမြစ်ပိတ်ပင်လိုက်ပြီး ပေါင်းဆန်များအပေါ်တွင် လည်း အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံလိုက်ပြီးနောက် လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၃ ဒသမ ၂ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှုပမာဏ တန်ချိန် ၃၀၀၀၀၀ ခန့်၊ ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်း၊ ဆန်ကွဲတန် ၃၀၀၀၀၀၊ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းနှင့် ပေါင်းဆန်တန် ၁၅၀၀၀၀ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်တွင်း၌ ကြက်နှင့် တိရစ္ဆာန် အစာများအတွက် လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆန်ကွဲတင်ပို့မှုအား ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရန်နှင့် အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုကို ထိခိုက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ဆန်အထွက်နှုန်း ကျဆင်းခဲ့ခြင်း ကြောင့် တောင်သူများအား သင့်လျော်သည့်ဈေးနှုန်းဖြင့် ခွင့်ပြုနေပြီး တစ်ဖက်တွင်လည်း စားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်မှုမှ ကာကွယ်နိုင်ရန်အလို့ငှာ ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှု အပေါ် တားမြစ်မှုအား ယခင်နှစ် ဇူလိုင်လက ကြေညာခဲ့သည်။ တစ်ဆက် တည်းမှာပင် ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံ ခဲ့ပြီး ဘာစမာတီဆန်အတွက် ပုံသေကြမ်းခင်းဈေးနှုန်းအား ယခင်နှစ်က သတ်မှတ်ခဲ့ကြောင်း၊ ကုန်အမှတ်တံဆိပ် လွဲမှားစွာတင်ပို့မှုများမှ ကာကွယ်ရန်အတွက် ယမန်နှစ် ဩဂုတ်လက ဘာစမာတီ ဆန်တင်ပို့မှု အတွက် အနိမ့်ဆုံးဈေးနှုန်းကို တစ်တန်လျှင် ၁၂၀၀ ဒေါ်လာသတ်မှတ် ခဲ့ပြီး အောက်တိုဘာလတွင် တစ်တန်ကို ဒေါ်လာ ၉၅၀ အထိ ကျဆင်း သွားခဲ့သည်။ ဧပြီလမှ ဇွန်လအထိ တင်ပို့မှုမှာ ၁၆ ရာခိုင်နှုန်း မြင့်တက် လာပြီး တန်ချိန် ၁ ဒသမ ၁ သန်းအထိရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂၁ ဒသမ ၈ သန်း တင်ပို့ခဲ့ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘာစမာတီဆန် မဟုတ်သော ဆန်ဖြူတန်ချိန် ၂ ဒသမ ၃၆ သန်း၊ ဆန်ကွဲတန် ၅၄၅၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၇ ဒသမ ၅၇ သန်း စုစုပေါင်း ဆန်တန်ချိန် ၁၅ ဒသမ ၇ သန်းကိုတင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံဖြစ်ကာ ဆန်တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှု မပြုလုပ်မီအချိန်အထိ ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ တင်ဒါခေါ်ယူမှုတွင် ဆန်တင်ပို့သူ များအား ပါဝင်ဆောင်ရွက်ခွင့်မပြုခြင်းနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ အနေဖြင့် လူအများ၏တုံ့ပြန်မှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါတားဆီးပိတ်ပင်မှုများအား အဆုံးသတ် သင့်ကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအား အသိပေး ဆောင်ရွက်သင့်သည်ဟု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့ တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃) ကြိမ် မြောက် ဝန်ကြီးများအဆင့် ညီလာခံတွင် အမေရိကန်နိုင်ငံမှ ပြောကြား ခဲ့သည်။
အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရန် လိုအပ်ချက်ရှိနေသည့် နိုင်ငံအချို့သို့ တားမြစ်ထားသောဆန်များ၏ ပမာဏအချို့ကို အစိုးရ အချင်းချင်း သဘောတူညီမှုဖြင့်တင်ပို့ရန် ခြွင်းချက်အနေဖြင့် ခွင့်ပြုထား သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အောက်မှ စားနပ်ရိက္ခာဝယ်ယူမှုများအတွက် ပို့ကုန်တင်ပို့မှု ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုပေးရန် ဂျီနီဗာမြို့၌ ၂၀၂၂ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၂)ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး အတွက် ပို့ကုန်တင်ပို့မှုကန့်သတ်ချက်များ ချမှတ်ခြင်းနှင့်စပ်လျဉ်းပြီး လုပ်သာကိုင်သာရှိလိုသည့်အတွက် ကနဦးတွင် (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို လိုက်နာ လိုခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ လိုက်နာဆောင်ရွက်ခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ ပြည်တွင်းစားနပ်ရိက္ခာပြတ်လပ်မှု မဖြစ်စေရေးအတွက် ကြိုးစားခဲ့ခြင်းသာမဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်တွင် ဆန်ပြတ်လပ်မှုဖြစ်မည်ကိုလည်း ပူပန်ခဲ့ခြင်းဖြစ်ပြီး အကျိုးဆက်အနေ ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအနေဖြင့် စားနပ်ရိက္ခာတင်သွင်းမှုများ အပေါ် မှီခိုရမှုကိုဖြစ်စေခဲ့ကြောင်း နိုင်ငံတကာကုန်သွယ်ရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ချိရေးဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြောရေးဆိုခွင့်ရှိသူများထံသို့ မေးခွန်းများ ပေးပို့ခဲ့သော်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်တွင် ၎င်းတို့မှ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်းလည်း ဖော်ပြထားသည်။ ကုန်သွယ် ရေး လုပ်ငန်းဆောင်ရွက်သူနေများနှင့် ဆန်တင်ပို့ရောင်းချသူများအသင်း အပါအဝင် အသင်းအဖွဲ့များအနေဖြင့် ဘာစမာတီဆန် မဟုတ်သော ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုများအား ဖယ်ရှား ပေးရန်နှင့် ပုံသေနှုန်းထားတစ်ခုဖြင့် အခွန်ကောက်ခံပြီး သင်္ဘောတင်ပို့ မှုများအား ခွင့်ပြုပေးသွားရန် အိန္ဒိယနိုင်ငံအစိုးရအား တိုက်တွန်း ပြောကြားခဲ့ကြသည်။
ယခုနှစ်တွင် မိုးအလုံအလောက်ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အစိုးရ၏ လက်ကျန်ဆန်များလည်း ပိုလျှံလျက်ရှိခြင်းတို့ကြောင့် အိန္ဒိယ အစိုးရအနေဖြင့် ၎င်းတို့၏တင်ပြချက်အား လိုက်လျောပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လက်ကျန်ဆန်လုံလောက်မှုနှင့် ရာသီဥတု ကောင်းမွန်မှုတို့ကြောင့် ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူနှင့် စပ်လျဉ်းပြီး မကြာမီကာလအတွင်း အပြောင်းအလဲများဖြစ်လာနိုင်မည် ဟု မျှော်မှန်းထားကြသည်။ ဆန်သည် သုံးလသက်တမ်းရှိသော သီးနှံ တစ်မျိုးဖြစ်ပြီး နိုဝင်ဘာလတွင် ဆန်အသစ်များ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ရာ မကြာမီဈေးနှုန်းတည်ငြိမ်လာနိုင်ကြောင်း၊ အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသော်လည်း ဆန်မှာ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေခြင်းတွင် များစွာ ပါဝင်မှုမရှိပါကြောင်း၊ အများပြည်သူသို့ ဖြန့်ဝေမှုစနစ်အောက်တွင် ပြည်သူများ အထူးသဖြင့် အလယ်အလတ်နှင့် အထက်တန်းအဆင့်မှ ပြည်သူလူထုများ စားသုံးလျက်ရှိသည့် ဆန်အမယ်ဖြစ်သည့်အတွက် အဆိုပါဆန်ကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ပါကြောင်း ဆန်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ B. V. Krishna Rao က ပြောကြားခဲ့သည်။
အိန္ဒိယစားနပ်ရိက္ခာလုပ်ငန်း၏ ဂိုဒေါင်များ၌ ဆန်များဖြင့် ပြည့်လျက် ရှိပြီး နိုဝင်ဘာလတွင် ဆန်အသစ်များ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ သီးနှံအသစ်များ ထားသိုရန်အတွက် ဂိုဒေါင်များတွင် နေရာလွတ်မရှိပါက တောင်သူလယ်သမားများအား အနည်းဆုံးပံ့ပိုးမှုဈေးဖြင့် ပံ့ပိုးပေးနိုင် မည်မဟုတ်ကြောင်း၊ အစိုးရမှ တားမြစ်ကန့်သတ်ချက်များအား ဖယ်ရှား ပေးပြီး အခွန်နှုန်းထားတစ်ခုဖြင့် ဆန်တင်ပို့မှုအား ခွင့်ပြုပေးလိုက်ပါက ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးများအား ဝယ်ယူကြိတ်ခွဲပြီး တင်ပို့ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဆန်စက်ပိုင်ရှင်များသည် အိန္ဒိယစားနပ် ရိက္ခာလုပ်ငန်းသို့ ဝင်ရောက်လျက်ရှိသော အခြားဆန်အမယ်များကိုပင် ဝယ်ယူပြီး အာဖရိကကဲ့သို့သောနိုင်ငံများသို့ တင်ပို့ရောင်းချကြမည် ဖြစ်ကြောင်း၊ အများပြည်သူဖြန့်ဝေမှုစနစ်အောက်တွင် ရောင်းချသည့် အိန္ဒိယမှ ဆန်မျိုးများအား ဆန်တစ်ကီလိုလျှင် ရူပီး ၃၀ ထက် ပိုမပေးနိုင် သည့် အာဖရိကတိုက်ရှိ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။ စီးပွား/ကူးသန်း