
မြစ်ကြီးနား ဇူလိုင် ၆
၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက် တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစု များ၏ ဒေသထုတ်ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာ သမဝါယမများက မျှဝေခံစားတတ် သည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည် ထားသည့် ကမ္ဘာတစ်ဝန်းလုံးက သဘောတူ လက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာ ကျင့်သုံး ကြိုးစားအားထုတ်ပြီး မိမိတို့ မြန်မာ့သမဝါယမများက လည်း မိမိဒေသ၊ မိမိလူမျိုး၊ မိမိ နိုင်ငံ၏ အနာဂတ်ဘဝ ပိုမိုတိုးတက် ကောင်းမွန် လာစေရေးအတွက် သမဝါယမ၏ အနှစ်သာရနှင့် ကျင့်ဝတ်များကို စောင့်ထိန်း လိုက်နာကာ အဓိကဦးတည်ချက် ဖြစ်သည့် မြန်မာ့သမဝါယမပုံရိပ် ကို ပြန်လည်မြှင့်တင်ပြီး တာဝန်ရှိသူများ ကိုယ်တိုင် စနစ်တကျကြီးကြပ်ဆောင်ရွက် ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးက အပြည်ပြည်ဆိုင်ရာ သမဝါယမ အသင်းချုပ်က ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင် ပြည်နယ်အတွင်း သမဝါယမ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် မြို့နယ်ပေါင်း ၁၃ မြို့နယ် တို့အနက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာ ရေးနှစ် သမဝါယမလုပ်ငန်းများ တွင် ထူးချွန်စွာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသော ပထမ ဆုရ မိုးကောင်းမြို့နယ်၊ ဒုတိယဆုရ မြစ်ကြီးနားမြို့နယ်နှင့် တတိယ ဆုရ မိုးညှင်းမြို့နယ်တို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီးတစ်ဦးကို လည်း ကောင်း ဂုဏ်ပြုချီးမြှင့်ကြသည်။
ယင်းနောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ အထိမ်း အမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ သမဝါယမ အသင်းသား အသင်းသူများက ဒေသထုတ်ကုန်ပစ္စည်းများ ပြခန်း အတွင်း သမဝါယမအသင်းစုများ ၏ ဒေသထွက် စားသောက်ကုန် ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန် များ၊ အဝတ်အထည်များ၊ ဝါးလက်မှုပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။ (ဝဲပုံ)
ကချင်ပြည်နယ် အတွင်း သမဝါယမကဏ္ဍမှ ဇွန် ၃၀ ရက် အထိ မြို့နယ် ကိုးမြို့နယ်၊ သမဝါယမအသင်းပေါင်း ၆၁သင်း၊ အသင်းသားတောင်သူ ၃၁၇၉ ဦး တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ OROP ၊ အရောင်းဆိုင်၊ သဘာဝဓာတ်မြေ သြဇာ၊ ဆန်စက်၊ ဆီစက်များ နှင့် အခြားလုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ် သန်း ၂၃၂၂ ဒသမ ၄၀ ကို မတည်ထောက်ပံ့ငွေ များ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)