
မြစ်ကြီးနား ဇူလိုင် ၁၀
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက် တို့တွင် စံချိန်တင်မြစ်ရေကြီးမြင့်ခဲ့မှုအပေါ် ရေလွှမ်း မိုးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်နှင့် နောင်တာလောရေလယ် ကျွန်း အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇူလိုင် ၁၀ ရက် နံနက် ၇ နာရီခွဲတွင် ကမ်းနားလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ် များနှင့် ဧရာဝတီမြစ်လယ်ရှိ နောင်တာလောရေလယ် ကျွန်းပေါ်သို့ သွားရောက်ပြီး ရေလယ်ကျွန်းပေါ်တွင် ရေကြီးနစ်မြုပ်ပြီး သစ်ပင်/ သစ်ကိုင်းများ ကျိုးကျ မှုဖြစ်စဉ်များနှင့် ရေစီးကြောင်းနှင့် မျောပါလာသော သစ်ပင်ကြီးများ တင်ကျန်နေမှု အခြေအနေများ၊ သဲသောင်ဖြစ်ထွန်းမှု၊ ရေစီးကြောင်း ပြောင်းလဲမှု အပေါ် မြစ်ကြောင်းတစ်လျှောက် ရေထိန်းနံရံ/ ရေထိန်း တံခါးများ တည်ဆောက်နိုင်ရေးအတွက် မြေပြင် အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေးတွက်ချက် တင်ပြနိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ကြပြီး နောင်တာလော ရေလယ်ကျွန်းပေါ်တွင် နေထိုင်သော ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရေကြီးမြင့် အပေါ် ဆုံးရှုံးခဲ့မှု အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် အမြန်ရေယာဉ်များဖြင့် မြစ်ကြီးနားမြို့ကမ်းပါးတစ်လျှောက် ကျောက်စီရေထိန်းနံရံ များပေါ်တွင် ရေမြင့်တက်မှုအခြေအနေများနှင့် စည်ပင်သာယာဆိပ်၌ မြစ်ကမ်းပါးထိန်းသိမ်းနိုင်ရေး စိုက်ပျိုးထားသော ပျိုးပင်များ ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ဖြည့်စွက် စိုက်ပျိုးနိုင်ရေးနှင့် မြစ်ကမ်း တစ်လျှောက် နုန်းမြေများတင်ကျန်မှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့် အပ်နှင်းခြင်းခံရသူ စိုင်းအောင်လှိုင်မြင့်၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ခုနှစ်အတွင်း နယ်ဘက်ဆိုင်ရာအမှုထမ်း ကောင်းခြင်းအတွက် ဂုဏ်ပြုချီးမြှင့်သည့် ဝဏ္ဏ ကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ဦးစိုင်းအောင်လှိုင်မြင့် အား ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဦးစိုင်းအောင် လှိုင်မြင့်သည် ကမ္ဘာ့ကြက်ခြေနီလောကတွင် အမြင့်မားဆုံးဆုဖြစ်သည့် ဟင်နရီဒူးနန့်ဘွဲ့ကို ကမ္ဘာ ပေါ်တွင် (၁၃) ယောက်မြောက်ရရှိခဲ့သည့် ပထမဆုံး သော မြန်မာနိုင်ငံသားဖြစ်ပါကြောင်း၊ ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဦးစိုင်းအောင် လှိုင်မြင့် ရရှိခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ် အား ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်ထံ ချီးမြှင့်အပ်နှင်း ရာ ဒေါ်စုစုခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ၎င်းသည် ၁၉၈၅ ခုနှစ်တွင် ဦးနှောက်အကျိတ်တည်ရောဂါဖြင့် ဆုံးပါးခဲ့ခြင်း ဖြစ်ကာ ၎င်း၏ ခန္ဓာအားဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် ပြည်ထဲရေး ဝန်ကြီးဌာနက ဝန်ကြီးဌာနအောက်ရှိ မြစ်ကြီးနားမြို့ ရေဘေးသင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရှိ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ရေဘေးသင့်ဝန်ထမ်း ၁၃၅ ဦး၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ၁၄၄ ဦး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ၁၄ ဦး၊ အကျဉ်းဦးစီးဌာနမှ ၃၈ ဦးတို့နှင့် မီးသတ်ဦးစီးဌာနမှ ၃၇ ဦး စုစုပေါင်းတပ်ဖွဲ့ဝင်/ ဝန်ထမ်း ၃၆၈ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၂၀၀၇၂၀၀၀ တန်ဖိုးရှိ ဆန် ငါးပြည်အိတ် ၃၆၈ အိတ်၊ ဆီ ၃၆၈ ပိဿာ၊ ကုလားပဲ ၃၆၈ ပိဿာနှင့် ကြက်ဥ ၃၆၈ ကတ်တို့ကို တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများထံ ထောက်ပံ့ပေးအပ်ကြရာ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)