နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်    ဇူလိုင်   ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ  မြန်မာနိုင်ငံဆိုင်ရာ  အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ   သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Daba Debele Hunde  သည် ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေး ကဏ္ဍ၊   စိုက်ပျိုးရေးကဏ္ဍ၊    ကျန်းမာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊  အားကစားကဏ္ဍများအပါအဝင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုများ အပြန်အလှန် တိုးမြှင့်ဆောင်ရွက်နိုင်သည့်         အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်း ဆောင်ရွက်မှုများ    ပိုမိုတိုးတက်ကောင်းမွန်အောင်
ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု   အခြေအနေ များ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့်   စပ်လျဉ်းပြီး   ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြ သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အီသီယိုပီးယား   ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည်  စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်
အဆိုပါ    သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်     ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်