၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇူလိုင်   ၁၁


၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်    နေပြည်တော်ရှိ     မြန်မာအပြည် ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2)  ၌ကျင်းပရာ   ဗဟိုသန်းခေါင် စာရင်း  ကော်မရှင်နာယက   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တက်ရောက်အမှာစကား   ပြော ကြားသည်။
အခမ်းအနားသို့        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊   သံတမန် များ၊    အထိမ်းအမှတ်     အခမ်းအနား ကျင်းပရေးဗဟိုကော်မတီနှင့် ဆပ်ကော် မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ နှင့်  ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေါ်လာသည့် အကြောင်းရင်း သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်း ရမည့်   မိသားစုစီမံကိန်း၊  ကျား  မ  တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး နှင့် လူ့အခွင့်အရေးများ၏ အရေးပါမှုစသည့် လူဦးရေ ဆိုင်ရာ ပြဿနာရပ်များကို ပြည်သူလူထု အသိပညာ ပေး   လုပ်ငန်းများ    ကျယ်ကျယ်ပြန့်ပြန့်    တိုးမြှင့် ဆောင်ရွက်နိုင်ရန်      ရည်ရွယ်ပြီး      ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ  (၁၁) ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊     ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်   အခမ်းအနားများကို    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ် ကစပြီး  နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ကျင်းပ သည့် အခမ်းအနားသည် (၃၅) ကြိမ်မြောက် အခမ်း အနားပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင် ကျော်ရှိပြီဖြစ်ကြောင်း၊  ရှေးယခင်က ကမ္ဘာ့လူဦးရေ  သန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့် ခဲ့သော်လည်း ယနေ့ကာလတွင် ဆေးဝါးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ၊ အဆင့်မြင့်နည်းပညာများနှင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် လူဦးရေ ဆိုင်ရာမွေးဖွားနှုန်း၊ သေဆုံးနှုန်းများ ပြောင်းလဲလာ ခြင်းကြောင့်     လူဦးရေ      သန်းတစ်ထောင်တိုးရန် အချိန်သည် တဖြည်းဖြည်း တိုတောင်းလာသည်ကို  တွေ့ရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်များ
 ပိုမိုရင်ဆိုင်ခံစားလာနေကြရ
တစ်ဖက်တွင်လည်း   ကမ္ဘာ့လူဦးရေ   တိုးတက်  လာသည်နှင့်အမျှ   စားနပ်ရိက္ခာ  မပြည့်စုံခြင်းများ၊  သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတု ဖောက်ပြန်ခြင်းများ၊   ကူးစက်ကပ်ရောဂါ   ပျံ့နှံ့ခြင်း များ၊ ရေဘေး လေဘေး မုန်တိုင်းဘေး  စသည့်သဘာဝ ဘေးအန္တရာယ်များကို   လူသားတို့   ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာနေကြရကြောင်း၊       ထို့ပြင် တန်းတူညီမျှမှု မရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများပြား လာခြင်းများ       စသည့်လူနေမှုအဆင့်အတန်းများ ကွဲပြားပြီး   လူတန်းစား   ကွာဟမှုပြဿနာများနှင့် လည်း ရင်ဆိုင်လာကြရကြောင်း၊ အထူးသဖြင့် မိမိတို့ နိုင်ငံအပါအဝင်    ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်      ဖွံ့ဖြိုးမှု နည်းပါးသည့်  နိုင်ငံများတွင်  အဆိုပါပြဿနာများ ပိုမိုဖြစ်ပွားလာသည်ကို မိမိတို့ မျက်မြင်တွေ့ကြုံနေ ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
လူဦးရေဆိုင်ရာ    ပြဿနာများနှင့်ပတ်သက်၍  ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွားနှုန်း  သိသိသာသာကျဆင်းလာခြင်းကြောင့် ကလေးဦးရေ  နည်းပါးလာပြီး လုပ်သားအင်အား ရှားပါးခြင်းများ၊  သက်ကြီးရွယ်အိုများပြားလာခြင်းများနှင့်   ရင်ဆိုင် နေကြရကြောင်း၊    ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့်   ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားခြင်း၊ ပညာရေးအခြေအနေ   နိမ့်ကျခြင်း၊   အလုပ်လက်မဲ့ များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရကြောင်း။
ကြုံတွေ့နေရသည့် အခက်အခဲများ
အချိန်မီကုစားရန်လိုအပ်
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊  ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုမရှိခြင်းတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals) ကို  ချမှတ်ပြီး  အဖွဲ့ဝင်နိုင်ငံများက ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကိုအခြေခံပြီး     နိုင်ငံတစ်နိုင်ငံ ချင်းစီက  မိမိတို့နိုင်ငံအလိုက်  ကြုံတွေ့နေရသည့် ပြဿနာများနှင့်   အခက်အခဲများကို   ဖြေရှင်းရန်၊ အချိန်မီကုစားရန် လိုအပ်မည်ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ    သုံးသပ်ပြီး    ကဏ္ဍအလိုက် ဦးစားပေးအဆင့် သတ်မှတ်၍ ထိရောက်စွာအကောင် အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊       ထိုသို့ ဆောင်ရွက်ရန်အတွက် မိမိတို့နိုင်ငံ၏ နယ်မြေဒေသ အလိုက်  အခြေခံကျသည့်  လူဦးရေနှင့်  လူမှုစီးပွား ဆိုင်ရာ အခြေခံအချက်အလက်များရရှိရန် အထူးပင် လိုအပ်ကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက် နေသည့်နိုင်ငံများအပါအဝင်   ကမ္ဘာ့နိုင်ငံအများစု တွင်    အဆိုပါအချက်အလက်များရရှိရန်   လူဦးရေ သန်းခေါင်စာရင်းများကို     ပုံမှန်ကောက်ယူနေကြ ခြင်းဖြစ်ကြောင်း။
လူဦးရေသန်းခေါင်စာရင်းကို
မဖြစ်မနေကောက်ယူရန်လို
ကုလသမဂ္ဂကလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင် ကိုးကားဆောင်ရွက်ရန် နိယာမ များနှင့် အကြံပြုချက်များ (Principles and Recom-mendations)  များကိုလည်း  ထုတ်ပြန်ပေးထား သည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊  နိုင်ငံ၏ အသေး ငယ်ဆုံး အုပ်ချုပ်မှုနယ်မြေအဆင့်အထိ နယ်မြေဒေသ အလိုက်   လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ     အချက် အလက်များကို လူဦးရေသန်းခေါင်စာရင်းများကသာ  ရရှိနိုင်မည်ဖြစ်သည့်အတွက် လူဦးရေသန်းခေါင်စာရင်း ကို မဖြစ်မနေကောက်ယူရန် လိုအပ်ကြောင်း။
မိမိတို့နိုင်ငံတွင် မကြာမီ ကောက်ယူတော့မည့်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအကြောင်းကို     အနည်းငယ်     ပြောကြားလို ကြောင်း၊ သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသ လက္ခဏာတစ်ခုမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက် အလက်များ ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ သန်းခေါင် စာရင်းကရရှိလာသည့်    အချက်အလက်များသည်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့် မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ် နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲနိုင်ရန် လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက် အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင်    သယံဇာတအရင်းအမြစ်များ     ခွဲဝေ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ စာသင် ကျောင်း၊  ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများ     စသည့်အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်း၊   မသန်စွမ်းနှင့်    သက်ကြီး ရွယ်အိုစောင့် ရှောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း  ဖန်တီးပေးခြင်း စသည်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန်  မရှိမဖြစ်လိုအပ်သည့်  အခြေခံအချက် အလက်များပင် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏  သန်းခေါင်စာရင်း  ကောက်ယူမှု သမိုင်းကြောင်းကို         ပြန်လည်လေ့လာသုံးသပ် ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ် တို့တွင်   ၁၀  နှစ်ခြား   တစ်ကြိမ်စီဖြင့်   (၈)    ကြိမ် ကောက်ယူခဲ့သည်ကို   တွေ့ရပါကြောင်း၊   အဆိုပါ သန်းခေါင်စာရင်း  အချက်အလက်တချို့ကို ယနေ့ အထိ ကိုးကားအသုံးပြုနေရဆဲဖြစ်ကြောင်း။
၂၀၁၄   ခုနှစ်  သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းတွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများ ကို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲသည့် နေရာတွင်   အသုံးပြုခဲ့ပြီး   နှစ်စဉ်နိုင်ငံ၏    ခန့်မှန်း လူဦးရေစာရင်းကိုလည်း     အနီးစပ်ဆုံး      ခန့်မှန်း တွက်ချက် ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင်  နောက်တစ်ကြိမ် သန်းခေါင်စာရင်း မကောက်ယူမီ  အချိန်တွင်    ကြားကာလပြောင်းလဲလာသည့်  လူမှု စီးပွားဆိုင်ရာ အချက်အလက်များကို သိရှိရန် ၊ နှိုင်းယှဉ် လေ့လာမှုများ ပြုလုပ်နိုင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းကို ကောက်ယူထုတ်ပြန်ပေးခဲ့ရာ ယခုအချိန် အထိ အသုံးဝင်နေဆဲဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံအများစုတွင်   သန်းခေါင်စာရင်းကို  (၁၀)  နှစ်တစ်ကြိမ်  ကောက်ယူလေ့ရှိခြင်းကြောင့် လည်းကောင်း၊ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းများ         ခိုင်မာမှုရှိစေရန်အတွက် လည်းကောင်း၊   ကဏ္ဍအလိုက်   ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် သုတေသနလုပ်ငန်းများအတွက် မှန်ကန်သည့်  အခြေခံအချက်အလက်များ  ရရှိစေ  ရန်လည်းကောင်းရည်ရွယ်ပြီး မိမိတို့နိုင်ငံတွင်  ၂၀၂၄ ခုနှစ်   အောက်တိုဘာလ  ၁  ရက်မှ   ၁၅  ရက်အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ    သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းသည်      နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒတွေချမှတ် ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက် များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်း ဖြစ်ခြင်းကြောင့်     အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မဲစာရင်းမှန်ကန်စေရေး
အထောက်အကူဖြစ်စေမည်
ထို့ပြင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏  အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့်    နည်းလမ်းကျနမှန်ကန်မှုရှိ သည့်    အထွေထွေရွေးကောက်ပွဲ    အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်း မှန်ကန်စေရေးကိုလည်း     အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း။
ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ် ကို    “ထိခိုက်လွယ်သူ    ဖေးမကူ၊    အရေးပေါ်က စောင့်ရှောက်ကြ” “Helping vulnerable popula-tions in emergencies”ဟု သတ်မှတ်ထားကြောင်း၊  အဆိုပါဆောင်ပုဒ်ချမှတ်ရခြင်းသည်  ယနေ့  ကမ္ဘာ့ နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲ များ၊    သဘာဝဘေးအန္တရာယ်များ၊   စားနပ်ရိက္ခာ ရှားပါးမှုများ စသည့်ဘေးဒုက္ခအန္တရာယ်အမျိုးမျိုး ကြောင့် အရေးပေါ်အခြေအနေများကို လူသားများ ကြုံတွေ့ခံစားနေကြရကြောင်း။
အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီး ငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့်  ဆင်းရဲနွမ်းပါးသူများက        ပိုမိုထိခိုက်ခံစားကြရ  ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များ၊  ပဋိပက္ခများဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခုခံနိုင်စွမ်းနည်းသည့် အပြင် သူတို့၏ သီးသန့်လိုအပ်ချက်များသည်လည်း လျစ်လျူရှုခြင်းခံရလေ့ရှိကြောင်း၊    သူတို့၏    ဘဝ လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးများကို ဆောင် ရွက်ပေးခြင်းသည် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း ၏     ကောင်းကျိုးကို   ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်ကြောင်း။
နိုင်ငံတကာ   သတင်းအချက်အလက်များအရ ဘေးဥပဒ်ကျရောက်နေသူများထဲတွင် လူငယ်များစွာ ပါဝင်နေသည်ဟု    သိရကြောင်း၊    နိုင်ငံတချို့တွင် ဘေးဥပဒ်ကျရောက်နေသူများ၏     သုံးပုံနှစ်ပုံခန့် သည်  အသက် (၂၅) နှစ်အောက်  လူငယ်များဖြစ် ကြောင်း၊ ကမ္ဘာတစ်ဝန်း ကျောင်းမနေသည့် လူငယ် တစ်ဝက်ခန့်တွင်    ပဋိပက္ခဖြစ်နေသည့်    နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့ခဲ့ရသည့် နိုင်ငံများက ဖြစ်နေသည်ကို တွေ့ရပါကြောင်း။
အရေးပေါ် စီမံခန့်ခွဲမှုအစီအမံများ
ပြင်ဆင်ထားရန်လို
လူငယ်များသည်     နိုင်ငံတော်၏    အနာဂတ်၊ နိုင်ငံ၏အင်အားများဖြစ်ခြင်းကြောင့် ကလေးများ၊ အမျိုးသမီးငယ်များ ကျောင်းပညာသင်ကြားခွင့်မရခဲ့ ပါက သို့မဟုတ် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်း  မပေးနိုင်ပါက ၎င်းတို့ တစ်ဦးချင်းအတွက်သာမက  ၎င်းတို့ ပတ်ဝန်းကျင်နှင့် နိုင်ငံ့၏ အနာဂတ်သည်လည်း အားနည်းချက်များ၊  လိုအပ်ချက်များ  ရှိနေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ထိခိုက်လွယ်သူများကို အားလုံး က ကူညီဖေးမစောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ ဒေသန္တရအစိုးရအဖွဲ့အစည်းများကလည်း အရေးပေါ် စီမံခန့်ခွဲမှုအစီအမံများ     ပြင်ဆင်ထားရန်   လိုအပ် ကြောင်း။
ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အသုံးပြု နိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက်  ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက် အလက်များနှင့်    ဒေသအလိုက်   လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရန်        အရေးကြီးသကဲ့သို့ နောက်ဆုံးအခြေအနေနှင့်အညီ Update ဖြစ်နေရန် လည်း လိုအပ်ကြောင်း၊ ယခုလို လူဦးရေနှင့်လူမှုစီးပွား ဆိုင်ရာ အချက်အလက်များကို နိုင်ငံတစ်ဝန်းရရှိရန် အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို မဖြစ်မနေကောက်ယူရန် လိုအပ်ကြောင်း။
ယနေ့    ကမ္ဘာ့လူဦးရေနေ့       အခမ်းအနားကို တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ မှတ်တိုင်တစ်ခုဖြစ်လာမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ကြောင့် ၂၀၂၄       ခုနှစ်    လူဦးရေနှင့်   အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ အားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” “A nation-wide census, let us all participate” ဟု တိုက်တွန်းမှာကြားလိုကြောင်း  ပြောကြားသည်။
ထို့နောက်     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန             ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က     မြန်မာနိုင်ငံ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်   လူဦးရေ၏အခန်းကဏ္ဍနှင့်    စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။
ယင်းနောက်     ၂၀၂၄   ခုနှစ်   ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့်    “ထိခိုက်လွယ်သူ   ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ”  Video  Clip  ကို ပြသသည်။
ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး   ၂၀၂၄  ခုနှစ်  ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို      လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။                                 သတင်းစဉ်