
နေပြည်တော် ဇူလိုင် ၁၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် တက်ရောက်သင်ကြား လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်း များ၏ သားသမီးများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ နှင့် ၎င်းတို့၏ဇနီးများ၊ ဆုရရှိသူ ကျောင်းသား/ကျောင်းသူများနှင့် မိဘ များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
အားပေးမြှင့်တင်လျက်ရှိ
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အနေဖြင့် ဦးတည်ချက်(၉)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် အနာဂတ် ပညာရေး တိုးတက်ကောင်းမွန်စေရန် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီ သည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေး”ဟူသည့် လူမှုရေး ဦးတည်ချက် ပါဝင်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်း ရှိသော ပညာတတ်များစွာ ပေါ်ထွန်းလာ ရေး အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝန်ထမ်းသားသမီးများထဲမှ ဘာသာစုံဂုဏ်ထူးရှင် ခုနစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးအပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၂၇ ဦးတို့ကို “ချီးမြှင့်ထိုက် သူကို ချီးမြှင့်ခြင်း”ဟူသည့် မင်္ဂလာတရား တော်နှင့်အညီ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုး စကားအတိုင်း နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ ပညာ ထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေး အစဉ်ကြိုးပမ်းသွားကြရန်၊ အဆင့်အတန်းမြင့်မားသည့် ပညာရပ်များ ကို ကြိုးစားသင်ယူပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာကြစေရေး ကြိုးပမ်း ကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားနေကြ သည့် ဝန်ထမ်းများ၏ သား၊ သမီးများ အတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများ ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ် ကြသည်။
ကျေးဇူးတင်စကားပြန်လည်ပြောကြား
ယင်းနောက် ပညာသင်ထောက်ပံ့ ကြေး ပေးအပ်ခြင်းအတွက် ဝန်ထမ်း တစ်ဦးကလည်းကောင်း၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးက လည်းကောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူ များ၊ မိဘများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနား တွင် အခြေခံပညာအဆင့် ဝန်ထမ်း သားသမီး ကျောင်းသား/ကျောင်းသူ ၁၆၁၇၇ ဦးအတွက် ကျောင်းသုံးစာရေး ကိရိယာနှင့် ဗလာစာအုပ်များ၊ ဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သူ ၁၂၇ ဦးကို ဂုဏ်ပြုလွှာ နှင့် ဆုငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်