မင်းဘူး(စကု)မြို့နယ်၌ မြေနိမ့်ပိုင်းကျေးရွာအချို့သို့ မြစ်ရေဝင်ရောက်၍ ကျောင်းငါးကျောင်း ယာယီပိတ်ထားရ

 

မင်းဘူး  ဇူလိုင်   ၁၂
မကွေးတိုင်းဒေသကြီး    မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ တဖြည်းဖြည်းမြင့်တက်လာပြီး မြစ်ရေ ဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်း ဘေးရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေများ စတင် ဝင်ရောက်နေပြီဖြစ်ကာ စာသင်ကျောင်း ငါးကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင် ၁၁ ရက်မှစ၍   ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် မန်းကြိုးကျေးရွာအုပ်စု မန်းကြိုး ကျေးရွာနှင့်     ထုံမကြီးကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၇၁ စု၊ လူဦးရေ ၁၈၅ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ရေဘေး လွတ်ရာ  ကျောက်ကုန်း၊    ပေတော ဘုန်းတော်ကြီးကျောင်း၊ သံကန်တန်း(၇)နှင့်     အောက်ကျောင်းဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများ   ဖွင့်လှစ်ပြီး ယာယီ ပြောင်းရွှေ့ပေးထားကြောင်း၊ ထို့ပြင်   မြို့နယ်အတွင်းရှိ အထက(ခွဲ) ပေါက်ငူ၊ အထက(ခွဲ) သနပ္ပင်စု၊ အလက နိဗ္ဗာန်ကျွန်း၊ အမက (မူလွန်)ပဒေသာ ကျွန်းနှင့်    အမကထုံးမကြီးကျောင်း ငါးကျောင်းတို့ကို   မြစ်ရေပြန်ကျသည့် အချိန်ထိ   ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်း ဘေးတစ်လျှောက် မြေနိမ့်ပိုင်းရပ်ကွက် များနှင့် ကျေးရွာများတွင်   နေထိုင်ကြ သော ဒေသခံပြည်သူများအား ယာယီ ကယ်ဆယ်ရေးစခန်းများနှင့်   ရေဘေး လွတ်ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့ နေထိုင်ကြရန်   ခရိုင်/မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန    ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မီးသတ် ဦးစီးဌာနမှ   စက်လှေဖြင့် လိုက်လံနှိုးဆော် ခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်၏ ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၇၀၀ စင်တီ မီတာဖြစ်ပြီး မိုးလေဝသနှင့်  ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၁ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၁၅၅၅ စင်တီမီတာသို့   ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၁၄၅ စင်တီ မီတာသာလိုတော့ကြောင်း၊ ယခု မြစ်ရေ ဝင်ရောက်သည့် ဒေသများမှာ မြစ်ကမ်း ဘေး မြေနိမ့်ပိုင်းဒေသများဖြစ်၍ နှစ်စဉ် မြစ်ရေတက်ချိန်တွင်      ပုံမှန်မြစ်ရေ ဝင်ရောက်လေ့ရှိသည့်    ဒေသများဖြစ် ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
မောင်မောင်
(မင်းဘူး)