
နေပြည်တော် ဇူလိုင် ၁၃
ဒုဋ္ဌဝတီမြစ်ရေ ကြီးနေကြောင်း သိရသဖြင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း စဉ့်ကိုင်မြို့နယ် မြစ်ငယ်နှင့်ပလိပ် ဘူတာအကြား သွားရောက် စစ်ဆေးခဲ့ရာ မိုင်တိုင်အမှတ် ၃၇၅/၁၀-၁၂ တွင် အလျား ၁၀ ပေ နှင့် အနံ ရှစ်ပေခန့် ရထားလမ်း တာပေါင်ထူးပေါက်ပြီး ရေဝင် ရောက် စီးဆင်းနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းနေရာ၌ ရထားများ ဖြတ်သန်းခုတ်မောင်း ရန် အန္တရာယ်ရှိသဖြင့် အဆိုပါ အစုန်/အဆန်ရထား လမ်းပိုင်းများ ကို ခေတ္တပိတ်ထားခဲ့ရသည်။
ရထားလမ်း ထူးပေါက် ရေကျော်မှု ဖြစ်ပွားရာနေရာသို့ လမ်းပိုင်းအချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများနှင့် လုပ်သား ၄၀ တို့သည် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိခဲ့ပြီး ကျောက်ရထားနှင့် သံလမ်းပြေးRCGယာဉ်များ အသုံး ပြု၍ ကျောက်ကြီး ၃၅ ကျင်း၊ ကျောက်မှုန့်အိတ် ၃၀၀ နှင့် သဲအိတ် ၁၀၀ အိတ်တို့ကို ဖြစ်ပွားရာ နေရာသို့ ပို့ဆောင်ပေးခြင်း၊ အဆိုပါ ကျောက်ကြီးများ၊ ကျောက်မှုန့်နှင့် သဲအိတ်များ အသုံးပြု၍ ထူးပေါက်များဖာခြင်း၊ သစ်သားဇလီဖားနှင့် ကွန်ကရစ် ဇလီဖားတုံးများ အသုံးပြု၍ ထူးပေါက်နေရာ၌ ဖားထပ်ခွေခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ရာ အဆန်လမ်းကို ယင်းနေ့ ည ၁၀ နာရီ ၂ မိနစ်တွင် ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ရန်ကုန်-မန္တလေး ပို့ဆောင်ပြေးဆွဲပေး လျက်ရှိသော လူစီးရထားများ ကြန့်ကြာမှုမရှိခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ အစုန်လမ်းကို လည်း ထပ်မံပြုပြင်ခဲ့ရာ ယနေ့ ညနေ ၄ နာရီခွဲတွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားများ ပုံမှန် အတိုင်း ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်