
နေပြည်တော် ဇူလိုင် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ငါးလုပ်ငန်းစခန်း (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ငါးလုပ်ငန်းစခန်း (တွံတေး) နှင့် လှော်ကား ငါးလုပ်ငန်းစခန်းများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကန်၊ ချောင်း၊ သဘာဝရေပြင်များ၌ ငါးမျိုးစိုက်ထည့်မည့် ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော် လျာထား ချက်ပြည့်မီရေးနှင့် ဒေသတွင်း ငါးမွေးတောင်သူများ အတွက် ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငါးလုပ်ငန်း သိပ္ပံ(တွံတေး) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး သော အဆောက်အအုံများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်မည့် အဆောက်အအုံများ နှင့် ပတ်သက်၍လည်းကောင်း၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေး မှာကြားပြီး ပထမနှစ် တက်ရောက်သင်ယူလျက် ရှိကြသည့် ကျောင်းသား ကျောင်းသူများကို အားပေး စကားပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန် ရှိသူများနှင့်အတူ တည်ဆောက်ပြီး စာသင်ဆောင် များ၊ လက်တွေ့ခန်းများ၊ ကျောင်းသားအိပ်ဆောင် ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်း ကောင်း၊ တည်ဆောက်ရန် မြေပြုပြင်ဆောင်ရွက်နေမှု များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များမှာကြားသည်။
ဇူလိုင် ၁၇ ရက်က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်း စခန်း၏ ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက် ထုတ်လုပ် ဖြန့်ဖြူးခြင်းနှင့် ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ် များ ဖော်ထုတ်၍ သုတေသနပြုသားဖောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် သဘာဝရေပြင်များတွင် နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေး ခြင်းကို ချမှတ်ထားသောမူဝါဒနှင့်အညီ အလေးထား ဆောင်ရွက်ရန်၊ ဒေသတွင်း ရှင်သန်ဖြစ်ထွန်းပြီး ဈေးကွက်ရှိသော ငါးရံ့၊ ငါးဖားမမျိုးများအပါအဝင် အရည်အသွေးကောင်း ငါးသားပေါက် မျိုးကောင်း မျိုးသန့်များ တိုးတက်ဖြန့်ဖြူးထုတ်လုပ်ရန်၊ ငါးသား ပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူ သူများထံသို့ အသိပညာပေးမှုများ မပျက်မကွက် ဆောင်ရွက်ရန်နှင့် ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများကို ငါးမွေးသူတောင်သူများ ကို တိုးမြှင့်သင်ကြား ဖွင့်လှစ်ပေးနိုင်ရန် လိုအပ်ချက် များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ငါးသား ပေါက်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရန်တို့ကို တာဝန် ရှိသူများအား ဆွေးနွေးမှာကြားသည်။
လှော်ကားငါးလုပ်ငန်းစခန်းအနေဖြင့် တိုင်းရင်း ငါးမျိုးများထိန်းသိမ်းခြင်း၊ ငါးမျိုးသစ်များပွားများ ပေးခြင်းနှင့် ငါးသားဖောက်ခြင်းလုပ်ငန်းများ၊ သုတေ သနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်