
နေပြည်တော် ဇူလိုင် ၁၈
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ပါသည်။ ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့် ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်း ရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၁၅-၄-၂ဝ၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေး ကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် ဆေးကုသမှု ခံယူခဲ့ပါသည်။
ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ ၏ ဝဲ၊ ယာ မျက်စိ များတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၁၈-၆-၂ဝ၂၄ ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှု အဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။ ၃ဝ-၆-၂၀၂၄ ရက်နှင့် ၁၄-၇-၂၀၂၄ ရက်တို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း နှင့် (၈) ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေး မှုကိုပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက်စားသုံးခြင်းအပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့