
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်ခင်း။ ဇူလိုင်မိုးစက် မိုးပွင့်များက တဖွဲဖွဲကျဆင်း နေသည်။ မိုးတဖွဲဖွဲကြားမှာပင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ သည် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်သို့ တဖွဲဖွဲလာရောက်ခဲ့ကြသည်။
မိသားစုဝင်များထဲတွင် အချို့က အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရင်နှစ်သည်းခြာ သားသမီးများ၊ အချို့က အာဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးဆက်သစ် တူ၊ တူမ၊ မြေးမြစ်များ စသည်ဖြင့် မျိုးဆက်အလီလီ ပါဝင်ကြ လေသည်။ အသက်အရွယ်အရ ကွာခြား သော်ငြား တူညီသောဆန္ဒက အာဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးဆက်ဖြစ် ရသည်ကို သူတို့ဂုဏ်ယူကြသည်။ အာဇာနည် ခေါင်းဆောင်ကြီးများသို့နှယ် နိုင်ငံနှင့်လူမျိုးကို ချစ်ခင်ကြသည်။ မြန်မာ နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ကြီးပွားဖွံ့ဖြိုး တိုးတက်စေချင်ကြသည်။ သည်နေ့ သည်အချိန် သည်အခါသမယ တွင် သွေးသားတော်စပ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို အထူးတလည် လွမ်းဆွတ်တမ်းတ အမှတ်ရကြသည်။ အမှတ်တရစကားများကိုလည်း ပြောကြား ခဲ့ကြသည်။
သခင်မြ၏သား
ဦးရဲမြင့်အောင်
အမှတ်တရကတော့ အာဇာနည်နေ့ ရောက်တိုင်း ကျွန်တော်တို့ကတော့ နှစ်တိုင်းဂါရဝပြုဖို့ လာရတာပေါ့။ အာဇာနည်နေ့ရောက်တိုင်း မိသားစုဝင် တစ်ယောက်အနေနဲ့ သတိတရ လွမ်းဆွတ်မှုတွေတော့ ရှိတာပေါ့။ လူငယ် တွေအတွက်ကတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ဘယ်လိုစည်းစည်း လုံးလုံးနဲ့ လွတ်လပ်ရေးရအောင် အင်္ဂလိပ်ကပဲ ဖိနှိပ်ဖိနှိပ်၊ ဂျပန်ကပဲ ဖိနှိပ်ဖိနှိပ် ဘာအနှောင့်အယှက်တွေ ပေါ်ပေါ် တစ်ခုတည်းသော ရည်မှန်းချက် က လွတ်လပ်ရေးရဖို့ပဲ။ လူငယ်တွေအနေ နဲ့လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်အောင် ကြိုးစားဖို့လိုပါ တယ်။ ဒီအချိန်မှာ လူငယ်ထုကိုလည်း စိတ်ဝမ်းမကွဲစေချင်ဘူး။ အာဇာနည် ခေါင်းဆောင်ကြီးတွေထဲမှာလည်း လူမျိုး ပေါင်းစုံပါတယ်။ ခရစ်ယာန်လည်းပါတယ်၊ တိုင်းရင်းသားတွေ အများကြီးပါတယ်။ မွတ်စလင်တွေလည်း ပါတယ်။ လွတ်လပ်ရေးရအောင် တိုင်းပြည်ကို ချစ်တဲ့သူတိုင်း လုပ်ကြရမှာပဲ။ ဒီနေရာမှာ စိတ်ဝမ်းမကွဲဘဲ စည်းစည်းလုံးလုံးနဲ့ စည်းရုံးတဲ့စိတ်ဓာတ်နဲ့ ဘယ်လိုလုပ်သွား တယ်ဆိုတာကိုလည်း သတိတရနဲ့ နမူနာ ယူစေချင်ပါတယ်။
ဒီးဒုတ်ဦးဘချို၏မြေး
ဦးသန့်ဇင်ချို
မြန်မာ့ လွတ်လပ်ရေးအတွက်ရော တိုင်းပြည်အတွက်ပါ ဒီလိုမျိုး ရှေ့က ဦးဆောင်ဦးရွက်လုပ်ရင်းနဲ့ အသက်ပေး သွားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ မိသားစုအနေနဲ့ နှစ်စဉ်ဂုဏ်ယူစွာနဲ့ပဲ မပျက်မကွက် အမြဲတမ်းလာရောက်ပြီး အခမ်းအနားကို တက်ခြင်းဖြစ်ပါတယ်။ အခုခေတ်ကတော့ ကျွန်တော်တို့အရင် ရှေးခေတ်တွေနဲ့တော့ တော်တော်ကွာ သွားပါပြီ။ အိုင်တီခေတ်ဆိုတော့ အစစ အရာရာ တီထွင်ကြံဆပြီး တိုးတက်အောင် လုပ်ကြတဲ့အတွက် နယ်ပယ်ပေါင်းစုံက အဘက်ဘက်က ဖွံ့ဖြိုးပြီးတော့ AI ဖြစ်လာ တဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ နောက်ကျမကျန်ဘဲနဲ့ ခေတ်နဲ့ရင်ပေါင်တန်းနိုင်ဖို့ ကြိုးစားနေကြ တာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံ က အခု လွတ်လပ်ရေးရပြီးကတည်းက ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ပြီး မငြိမ်းချမ်း တဲ့အတွက်ကြောင့်မို့ တိုးတက်မှုတွေက နောက်ကျပြီး ကျန်ခဲ့တာပေါ့။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ဒီဟာကို သင်ခန်းစာယူကြပြီး တိုင်းပြည်တိုးတက် အောင် မျိုးချစ်စိတ်ကို အခြေခံပြီး လုပ်ဆောင်ကြရင်တော့ တိုင်းပြည်က မလွဲမသွေ တိုးတက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
မန်းဘခိုင်၏သမီး
ဒေါ်မြင့်မြင့်ခိုင်
ကျွန်မဖခင် မန်းဘခိုင်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ အသက် ပေးလှူသွားခဲ့ပါပြီ။ ကျွန်မတို့ သားသမီး တွေအနေနဲ့ လွတ်လပ်သွားတဲ့ ကိုယ့်ရဲ့ တိုင်းပြည်နိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးဖို့ စွမ်းဆောင်နိုင်သမျှ နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ ၄၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးပါ ပြီ။ ကျွန်မဖခင်မျှော်မှန်းတဲ့ ကျွန်မတို့ ကိုယ်တိုင်မျှော်မှန်းတဲ့ မြန်မာနိုင်ငံတော် ကြီးဖြစ်အောင် ရှေ့ဆက်ပြီး နိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ကြပါလို့ ပြောချင်ပါတယ်။ ကျွန်မတို့က ယနေ့အထိ နိုင်ငံတော်ကအသိအမှတ်ပြု ထားတာကိုလည်း ကျေးဇူးတင်ပါ တယ်။ ဝမ်းလည်းသာပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဖြစ်ချင်တာက နိုင်ငံတော်ကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်နေတာကို တွေ့ချင်ပါတယ်။
မန်းဘခိုင်၏မြေး
နန့်ဇင်မိုးခိုင်
အမှတ်တရစကားအနေနဲ့ မြန်မာနိုင်ငံ ကို လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ အဘ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် ကိုးဦးကို ကျွန်မအဘိုး အပါ အဝင် အားလုံးကို ကျေးဇူးတင်တယ်။ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ လူငယ်တွေအတွက် အဘ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံ့အတွက် လွတ်လပ် ရေးရအောင်လုပ်သွားသလိုပဲ မြန်မာ နိုင်ငံမှာရှိတဲ့ လူငယ်တွေလည်း မြန်မာ နိုင်ငံကြီး တိုးတက်အောင်မြင်အောင် လုပ်ဆောင်သွားကြပါ။ နိုင်ငံကြီး လွတ်လပ်ရေးရအောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုဆိုတာ မလွယ်ဘူးလေ။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အဘ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ အာဇာနည် ကိုးဦး ထဲမှာ ကျွန်မရဲ့အဘိုးကိုယ်စား ဂုဏ်ယူမိ တယ်၊ လေးစားမိတယ်။ အဘိုးရဲ့မြေး ဖြစ်ရတာ ဝမ်းသာမိတယ်။
မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား
စဝ်ကိုင်ဖ
နှစ်စဉ် ခမ်းခမ်းနားနား မမေ့မလျော့ နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရစွာနဲ့ ဂုဏ်ပြုပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကလည်း နေမကောင်းတဲ့ ကြားက ကြိုးစားပြီးတက်ရောက်ခဲ့ပါ တယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ပြည်ထောင်စု ကြီး အဓွန့်ရှည်စွာ တည်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဦးရာဇတ်၏သား
ဦးလှကြည်
အာဇာနည်နေ့ အကြောင်းကို ကျောင်းဆရာ ဆရာမတွေ သိရမယ်။ နားလည်ရမယ်။ ပြီးရင် ကျောင်းသား လူငယ်တွေကို တစ်ဆင့်ပြန်ပြောရမယ်။ ဆရာ ဆရာမတွေ နားလည်ဖို့ လိုသေး တယ်။ သူတို့နားလည်မှ ကျောင်းသားတွေ ကို ပြန်ပြောလို့ရမယ်။ လူငယ်တွေ အတွက်က အာဇာနည်ခေါင်းဆောင်ကြီး တွေကို အတုယူသင့်တယ်။ တိုင်းပြည် အတွက် တာဝန်ထမ်းဆောင်ရင်းနဲ့ လုပ်ကြံခံရတဲ့သူတွေ အကြောင်းကို ကျောင်းသားလူငယ်တွေသိဖို့ လိုတယ်။
ဦးအုန်းမောင်၏သား
ဒေါက်တာမင်းမြင့်
(ပါမောက္ခ/ဌာနမှူး-ငြိမ်း)
ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နောင်လာ နောက်သားကလေးတွေက လူလတ်ပိုင်း ရော၊ လူငယ်ပိုင်းရော ဘာအတုယူသင့် တယ်ဆိုတာ အတိုချုံ့ပြောလိုက်ပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံက အာဇာနည် ခေါင်းဆောင်ကြီးဖြစ်ပြီး နိုင်ငံခြားက အာဇာနည်ခေါင်းဆောင်ကြီး တွေနဲ့ လုံးဝမတူပါဘူး။ ဘာလို့မတူလဲ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထူးခြား ချက်က လက်ရုံးရည်၊ နှလုံးရည်ကောင်း တယ်။ ဘာကြောင့်လဲဆိုတော့ အသက် ငယ်ငယ်နဲ့ ရဲဘော်သုံးကျိပ်ကို ဦးဆောင် ပြီး ဂျပန်ပြည်မှာသွားပြီး စစ်သင်တန်း တက်တယ်။ ပြီးတော့ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်။ ပြီးတော့ ဂျပန်ကို တော်လှန်ခဲ့တယ်။ ဂျပန်ထွက်သွားပြီး အင်္ဂလိပ် ဝင်လာတယ်။ အင်္ဂလိပ်ကလည်း လွတ်လပ်ရေးပေးတော့မလိုနဲ့ မပေးဘဲနဲ့ အချိန်ဆွဲနေတယ်။ ပင်လုံညီလာခံတို့ ဘာတို့ အကုန်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက အဲဒီမှာ နှလုံးရည် ဘယ်လောက်တော်တယ်၊ ပြည့်ဝတယ် ဆိုတာ တကယ့်အာဇာနည်တွေ။ နိုင်ငံ တကာမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူဦးဆောင်ပြီး ဝန်ကြီးချုပ် အက်တလီကို သူကိုယ်တိုင်တွေ့ပြီး ဆွေးနွေးတယ်။ ဆွေးနွေးပြီး အောင်မြင်သွားတယ်။ အောင်မြင်တော့ အောင်ဆန်းအက်တလီ စာချုပ် ချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ပြန်လာ တဲ့အခါမှာ မမျှော်လင့်ဘဲနဲ့ ၁၉ ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ ခေါင်းဆောင်ကြီးတွေ၊ ဆရာ့အဖေ အပါ အဝင်၊ လုပ်ကြံခံရပြီး ကျဆုံးသွားတယ်။ အဲဒီနောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုက ဆက်လက်ပြီး အောင်ဆန်းအက်တလီ စာချုပ်ကို နုအက်တလီစာချုပ် လုပ်ပြီး တော့ ဗမာပြည်က လွတ်လပ်ရေးရခဲ့တယ်။ နှလုံးရည် ဘယ်လောက်တော်လဲဆိုတာ အဲဒါပဲ။ အခုလည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ကြိုးစားနေတာပဲ။ ခုလက်ရှိ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လုပ် နေတာပဲလေ။ ခုလုပ်နေတဲ့ ပုံစံကကြည့် လိုက်ရင် လမ်းကြောင်းက တည့်ပါတယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာ ပါဝင် နေတဲ့သူတွေရဲ့ သဘောအပေါ်မူတည်ပါ တယ်။ အောင်မြင်ပါစေလို့ ပြည်သူ တစ်ယောက်အနေနဲ့ ဆုတောင်းဆန္ဒပြု တာပေါ့။ အဲဒီအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားပေး ကြပါ။
ရဲဘော်ကိုထွေး၏တူ
ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို(ငြိမ်း)
အာဇာနည်နေ့ရောက်ရင် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ အာဇာနည် ခေါင်းဆောင်ကြီးတွေကို တမ်းတသတိရ မိပါတယ်။ ဒီနှစ်တမ်းတသတိရတဲ့အခါ မှာတော့ အဘတို့အနေနဲ့ အားလည်းနာမိ တယ်၊ ရှက်လည်းရှက်မိတယ်။ ဗိုလ်ချုပ် တို့က သူတို့ အသက်မသေခင် မကွယ်လွန် ခင်ပေါ့နော်။ တာဝန်ကြီးသုံးရပ် ရှိတယ်၊ သူလုပ်ခဲ့တာတွေကတော့ အများကြီးပေါ့။ အဲဒါတွေကို ခွဲခြမ်းပြီး ပြန်ပြီးချုံ့လိုက်လို့ ရှိရင် ပထမတာဝန်ကတော့ နိုင်ငံတော် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာရရှိ ရေးဆိုတဲ့တာဝန်၊ ဒါကတော့ သူတို့ ကြိုးစားခဲ့ပြီး ဒါကြိုးစားလို့လည်း တစ်နှစ် အတွင်း လွတ်လပ်ရေးရအောင် လုပ်မယ် ဆိုပြီး ရသွားတယ်။ ဒုတိယတာဝန်ကြီးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ တာဝန်ကြီး ဒီတာဝန်အရ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကို မျိုးစေ့ချပေးခဲ့တဲ့အတွက်လည်း တိုင်းပြည်က တောင်တန်း မြေပြန့် မခွဲ ခြားဘဲနဲ့ အားလုံးတစ်စုတစ်ပေါင်းတည်း လွတ်လပ်ရေးရသွားခဲ့တယ်။ နောက် တတိယတာဝန်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ တာဝန်ပေါ့။ အဲဒီ တာဝန်ကို ထမ်းဆောင်ဖို့ကတော့ လွတ်လပ်ရေးမရသေးတဲ့အတွက်ကြောင့် မူဝါဒတွေပဲ ချမှတ်ပြီး ထမ်းဆောင်ခဲ့ရတာ ပေါ့။ ပြောရမယ်ဆိုရင် ဒီတာဝန်သုံးရပ်မှာ အခြေခံအကျဆုံးက ဘာလဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိရေး ဒီတာဝန် အဲဒါသူတို့ လုပ်နိုင်ခဲ့တဲ့အတွက် တောင်တန်းမြေပြန့် တစ်စည်းတစ်လုံး တည်းနဲ့ လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း နယ်ချဲ့က ချခဲ့တဲ့မျိုးစေ့၊ ဒီမျိုးစေ့ကြောင့် တိုင်းရင်းသားပြည်သူ လူထုအချင်းချင်း သွေးခွဲမှုတွေက ဆိုးလာလိုက်၊ ပြန်ကောင်း လာလိုက်၊ ဆိုးလိုက်ပေါ့ အဲဒီလိုရှိခဲ့တယ်။ ဒီဟာတွေကြောင့်ပဲ နိုင်ငံတော်လွတ်လပ် ရေးနဲ့ အချုပ်အခြာထိပါးတဲ့ အရိပ်အယောင် တွေ မြင်လာတယ်။ အဲဒါကြောင့် ဒီလို အခြေအနေမျိုးမှာ ပြောချင်တာက တော့ သက်ကြီးရွယ်အိုတွေ၊ လူလတ်တွေ ရော၊ လူငယ်တွေရော၊ အားလုံးက ကိုယ်နိုင် ရာနိုင်ရာ တာဝန်တွေထမ်းဆောင်ပြီး ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားကြပါလို့ ပြောချင်ပါ တယ်။ တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ရဲထွဋ်