(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၉
 
၁၃၈၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျရောက်သည့် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ် သံလွင်ဥယျာဉ်မြေကွက်လပ်၌ ကျင်းပသည်။
 
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ ပြည်နယ်ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်အမျိုးသားနေ့အခမ်းအနား(ဗဟို)ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်တိုင်းရင်းသား တိုင်းရင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတမဟာထေရ်၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဗညားစန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
 
အလေးပြု
 
ယင်းနောက် မွန်အမျိုးသားအလံကို လွှင့်တင်ပြီး တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံနှင့် မွန်အာဇာနည် ခေါင်းဆောင်များအား အလေးပြုကြသည်။
ထို့နောက် သဘာပတိဆရာတော် ဘဒ္ဒန္တ ကေတုမာလာ က အဖွင့်ဩဝါဒစကားမြွက်ကြားသည်။
 
ထို့နောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်း အနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံမှပေးပို့လာသော သဝဏ်လွှာကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဖတ်ကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက နှုတ်ခွန်းဆက်စကားပြောကြားသည်။
 
ယင်းနောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဗညားစန်းက အမှာစကားပြောကြားပြီး (၇၃)ကြိမ်မြောက် မွန်အမျိုးသား နေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။
ထို့နောက် မွန်အမျိုးသားနေ့ရေးရာကိစ္စများ နှစ်ကာလ ရှည်ကြာစွာ ဆောင်ရွက်ခဲ့သည့် ကမာဝက်မြို့ ဓာတ်တော် ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာထေရ်နှင့် နိုင်ပန်းအောင်တို့အား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။
 
ကြည့်ရှုအားပေး
 
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ တာဝန်ရှိသူများသည် ခင်းကျင်းပြသ ထားသည့် မွန်ရိုးရာပြခန်းများကို ကြည့်ရှုအားပေးကြသည်။
 
(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ညပိုင်းအစီအစဉ်တွင် ကျင်းပရေးကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက အမှာစကားပြောကြားပြီး မွန်ပြည်သစ် ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်း အနားကျင်းပရေးကော်မတီ(ဗဟို)မှ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မွန်စာပေယဉ်ကျေးမှုဆိုင်ရာ စာတမ်း ဖတ်ကြားခြင်း၊ မွန်အမျိုးသားနေ့အထိမ်းအမှတ် မြေစိုက် ပိုစတာ ရှင်းလင်းချက်စာတမ်းအကျဉ်းဖတ်ကြားခြင်း၊ မွန်လူငယ်ရေးရာကိစ္စရပ်များ တင်ပြခြင်း၊ မွန်အမျိုးသားနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲဆု ချီးမြှင့်ခြင်း၊ အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းအစီအစဉ်များကို ကျင်းပခဲ့ကြောင်း သိရသည်။
 
ရည်ရွယ်ကျင်းပ
 
သမလနှင့် ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သော သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့ တနင်္လာနေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် တပို့တွဲလဆုတ်(၁)ရက်နေ့ရောက်တိုင်း မွန်အမျိုးသားနေ့အခမ်းအနားများကို မွန်တိုင်းရင်းသား လူမျိုးအများစုနေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီး စသော နေရာ အသီးသီး၌ ကျင်းပခဲ့ကြသည်။ ယခုနှစ် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် နိုးကြားပြီး ဘာသာစကား၊ စာပေနှင့် ရိုးရာဓလေ့ယဉ်ကျေးမှု များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သွားနိုင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်သွားနိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
 
ဂုဏ်ပြုပေးပို့ခဲ့
 
အလားတူ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနားများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ သာသနာ ၂၅၀၀ ဓမ္မာရုံ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကင်ပွန်းချုံကျေးရွာနှင့် ပဲခူးမြို့ ရွှေမော်ဓောဓမ္မာရုံ၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာ အပါအဝင် မြို့နယ် ငါးမြို့နယ်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုကျေးရွာနှင့် ကော့ကရိတ်မြို့ ပေါ်ကြူကုန်းကျေးရွာ၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံမှ သဝဏ်လွှာများ ဂုဏ်ပြုပေးပို့ ခဲ့ကြသည်။
 
 
သတင်းစဉ်