
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများ တွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက် ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကို လည်း ကြုံတွေ့ရနိုင်ပါသည်။
၂။ ယခုနောက်ပိုင်းတွင် ရေဘေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ(၁၄၄)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၇၉)လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့် တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှ သည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ရေဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေး မဖြစ်ပွားမီ အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-
(က) မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပါ၊
( ခ ) မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစု ဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ၊
( ဂ ) ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိပါ၊
(ဃ) မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှု အမြင့် ပေများကို သိရှိမှတ်သားထားပါ၊
( င ) သောက်သုံးရေများ ကြိုတင်စုဆောင်း ထားပါ၊
( စ ) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ် ဖြစ်နိုင်သောနေရာများကို မြင်သာ သော အမှတ်အသားထားရှိပါ၊
(ဆ) အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားပါ။
၄။ ရေကြီးခြင်း သတိပေးချက်ရလျှင် ပြည်သူများ အနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်-
(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာသော မိုးလေဝသသတင်းများ ကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်ကို လိုက်နာပါ။ အခြား သူများကိုလည်း မျှဝေပါ၊
( ခ ) တောင်ပေါ်ဒေသများ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်း တစ်လျှောက်တွင် လျှပ်တစ်ပြက် ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြု ကြပါ၊
( ဂ ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာ နှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ၊
(ဃ) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ၊
( င ) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြား ချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခိုလှုံပါ။
၅။ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ပြည်သူများ အနေဖြင့် အောက်ဖော်ပြပါ သတိပြုလိုက်နာရန် အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား အသိပေးနှိုးဆော်အပ်ပါသည်-
(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာသော မိုးလေဝသသတင်းများ ကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ၊
( ခ ) အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်း ခလုတ်များကို ပိတ်ထားပါ၊
( ဂ ) သောက်သုံးရေသန့်(သို့) ကျိုချက်ထား သော ရေ(သို့) ရေသန့်ဆေးခတ်ထား သော ရေကိုသာ အမြဲသောက်သုံးပါ၊
(ဃ) အဆိပ်ရှိသော တိရစ္ဆာန်များ၊ အိမ်၊ ခြံ အတွင်း၌ ရှိ မရှိ စစ်ဆေးပါ၊
( င ) တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင် ထားခြင်း မပြုလုပ်ပါနှင့်၊
( စ ) ရေကြီးသော ဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ် သောကြောင့် မြစ်၊ ချောင်းကမ်းပါးများ အနီးသို့ မသွားပါနှင့်၊
(ဆ) ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက် ခြင်းများ မပြုလုပ်ပါနှင့်၊
( ဇ ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
၆။ ရေကြီးခြင်းဖြစ်ပွားပြီးနောက် ပြည်သူများ အနေဖြင့် အောက်ဖော်ပြပါအချက်များအား သတိပြု လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ် ပါသည်-
(က) မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊
( ခ ) အမှိုက်များအား စနစ်တကျရှင်းလင်း ခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း(သို့) မြေမြှုပ်ခြင်း များ ပြုလုပ်ပါ၊
( ဂ ) အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာ သို့ အကြောင်းကြားပြီး ကူညီရှင်းလင်း ပါ၊
(ဃ) ရေကြီးခြင်း၏ နောက်ဆက်တွဲအနေ ဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ် များနှင့် ကူးစက်ရောဂါများကို ဂရုပြုပါ၊
( င ) ကယ်ဆယ်ရေးနှင့် အရေးပေါ်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ။
( စ ) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာခြင်း မဟုတ်သည့် ကောလာ ဟလ သတင်းများကို မယုံပါနှင့်၊
(ဆ) မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်၊
( ဇ ) ရေစိုပြီး အနံ့အသက်မကောင်းသော အစားအစာများ မစားပါနှင့်၊
(ဈ) ရေထဲတွင် ဖိနပ်မပါဘဲ လမ်းမလျှောက် ပါနှင့်။
၇။ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိ သည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန