
ယဉ်လာဒ်
ရန်ကုန်မြို့နဲ့ မဝေးတဲ့နေရာမှာ တည်ရှိနေပြီး သဘာဝနဲ့ထိတွေ့ရင်း သီးသန့်ဆန်ဆန် အနားယူလည်ပတ်လို့ရတဲ့ ခရီးစဉ်တစ်ခုအဖြစ် လှည်းကူးမြို့နယ်က စိုက်ပျိုးရေး လုပ်ငန်းအခြေခံ ခရီးသွားနေရာ (Agri Farm Site) တစ်ခုဖြစ်တဲ့ Cozy Farm အကြောင်းကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။
ရန်ကုန်ကနေ လာမယ်ဆိုရင် လှည်းကူးတာဆုံမီးပွိုင့်မှာဆင်းပြီး Cozy Farm ကို သွားရောက်လည်ပတ်လို့ ရပါတယ်။ လာရောက်လည်ပတ်သူတွေ အနေနဲ့ Cozy Farm မှာ လယ်ကွင်း အတွင်း လှေစီးခြင်း၊ စက်ဘီးစီးခြင်း၊ ငါးမျှားခြင်း၊ ပန်းချီဆွဲခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ လှေစီးတဲ့အခါ အန္တရာယ်ကင်းအောင် အသက်ကယ် အင်္ကျီတွေလည်း ထားရှိပေးထားပါတယ်။ အဆောက်အအုံအတွင်း အေးအေး ဆေးဆေး စာဖတ်ချင်သူတွေအတွက် စာကြည့်ခန်းလေးကိုလည်း ထားရှိပေး ထားပါတယ်။
အခမ်းအနားများလည်း ကျင်းပနိုင်
Cozy Farm မှာ ခရီးသွား လည်ပတ် ခြင်းအပြင် မွေးနေ့ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ စတဲ့ အခမ်းအနားတွေလည်း ကျင်းပလို့ ရပါတယ်။ အခမ်းအနားအတွက် လိုအပ် တဲ့ အဲကွန်း၊ ဝိုင်ဖိုင်၊ ပရိုဂျက်တာ၊ မိုက်နဲ့ စပီကာ စတဲ့ပစ္စည်းတွေ အဆင်သင့် ထားရှိပေးထားပါတယ်။ Cozy Farm ကို လာရောက်လည်ပတ်လိုသူတွေကို Booking စနစ်နဲ့သာ လက်ခံပေးတာ ဖြစ်ပြီး Booking မလုပ်ထားရင် လက်မခံ ဘူးလို့ ဆိုပါတယ်။
သဘာဝနဲ့ ထိတွေ့ပြီး
အနားယူလို့ရတဲ့ နေရာ
Cozy Farm ဟာ လွတ်လွတ်လပ်လပ် သဘာဝနဲ့ ထိတွေ့ပြီး စိမ်းစိုနေတဲ့ မိုးရာသီမြင်ကွင်းလေးနဲ့အတူ အေးချမ်း စွာ အနားယူလို့ရတဲ့ နေရာတစ်ခုဖြစ်ပါ တယ်။ Organic Farm မို့ အသီးအရွက် တွေ ခူးပြီး ကိုယ်တိုင်ချက်စားနိုင်စေဖို့ မီးဖိုခန်းနဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေ ကိုလည်း အသုံးပြုခွင့် ပေးထားပါသေး တယ်။
လာရောက်လည်ပတ်သူတွေအတွက် လုံးချင်းအဆောင် Package နဲ့ ရွက်ဖျင် တဲ Package ဆိုပြီး နှစ်မျိုးရှိပါတယ်။ နေ့ချင်းပြန်ဈေးနှုန်းတွေက လူဦးရေ လေးဦးအထိဆိုရင် တစ်ဦးကို ငွေကျပ် လေးသောင်းနှုန်းဖြစ်ပြီး လေးဦးအထက် ဆိုရင် တစ်ဦးကို ငွေကျပ် ၃၅၀၀၀ သတ်မှတ်ထားပါတယ်။ ဒီ Package ထဲမှာ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ အပြင် အဆာပြေစာအထိ ပါဝင်ပြီး အချိန်က မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေကို လေ့လာနိုင်
Cozy Farm က ခြံအကျယ်ကြီး ဖြစ်ပြီး ၄၈ ဧကနီးပါး ကျယ်ပါတယ်။ ဒီခရီးစဉ်ဟာ စိုက်ပျိုးရေးကို အခြေခံပြီး ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေတာမို့ မျိုးစပါးထုတ်လုပ်တာကနေ ရိတ်သိမ်း တဲ့အထိ လေ့လာနိုင်သလို မှိုစိုက်ပျိုးတာ တွေကိုလည်း ရာသီချိန်အလိုက် လေ့လာ နိုင်ပါတယ်။
စပါးစိုက်ပျိုးမှုအတွေ့အကြုံတွေကို လေ့လာလို့ရနိုင်သလို အခုကာလဆိုရင် တော့ ဆန်ဖွပ်တာကို ကိုယ်တိုင်ပြုလုပ် လို့လည်း ရနိုင်ပါသေးတယ်။ ဗဟုသုတ လည်းရရှိနိုင်သလို အတွေ့အကြုံအသစ် တွေကိုလည်း ရရှိစေနိုင်ပါတယ်။
ရန်ကုန်မြို့အခြေပြု
ခရီးစဉ်အသစ်တွေ ဖော်ဆောင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီး စဉ်ဒေသတွေ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆွဲဆောင်မှုနေရာအသစ် တွေကို ဖော်ထုတ်နိုင်ဖို့ ရန်ကုန်တိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ အခြေပြု နေ့ချင်းပြန်သွားလို့ရတဲ့ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးဘက် တွေကို အလည်အပတ်ခရီးစဉ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ဖိုရမ်မှာ တက်ရောက်လာသူတချို့က တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းလှိုင်ကတော့ “လှည်းကူး ဒေသမှာ စိုက်ပျိုးရေးကို အခြေခံပြီး ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Farm အနည်းငယ် လောက်သာရှိပါတယ်။ ရှိပြီးသားခရီးစဉ်တွေကို ထိန်းသိမ်းပြီး အသစ်အသစ်တွေကို ဖော်ထုတ်ပေးနိုင် ရင် ပိုပြီးကောင်းပါတယ်”လို့ စာရေးသူကို ပြောပါတယ်။
လှည်းကူးမြို့မှာ နှစ်ရှည်သီးနှံတွေ စိုက်ပျိုးကြသလို ဖရဲ၊ ကြက်သွန် စတာ တွေကိုလည်း ကြားညှပ်စိုက်ပျိုးပါတယ်။ စက်မှုလုပ်ငန်းအနေနဲ့ ဆန်စက်၊ ဆီစက်၊ စက်ပြင်၊ တွင်ခုံလုပ်ငန်း ၂၃ ခု၊ စက်မှု လက်မှုလုပ်ငန်း ၁၂ ခုရှိပြီး စီးပွားဖြစ် သစ်ပင်စိုက်ပျိုးသူ ၆၄ ဦး ရှိပါတယ်။ မြို့နယ်ထဲက ဒါးပိန်ပန်းပုလုပ်ငန်းဆိုရင် နာမည်ကျော်ကြားလှတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရန်ကုန်မြို့အနီးမှာရှိပြီး စိုက်ပျိုးရေးကိုအခြေခံကာ ခရီးသွား လုပ်ငန်းနဲ့ တွဲဖက်ပေါင်းစပ်ဖော်ဆောင် ထားတဲ့ လှည်းကူးမြို့မှ Cozy Farm ကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။ ။