တောင်ပေါ်ဒေသထွက် ခရမ်းချဉ်သီးများ အရောင်းအဝယ်ကောင်း

 

မန္တလေး   ဇူလိုင်   ၂၃
မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်း  လက်ကားဈေးအတွင်းသို့ ယခုအချိန်တွင် တောင်ပေါ်ဒေသတို့မှ ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါ ဈေးအတွင်းရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။                  
 အဆိုပါ ခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ်အတွင်း နောင်ချိုဒေသတို့မှထွက်ရှိပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ကားအစီးရေ ၁၅ စီးမှ အစီး ၂၀ အထိ   ပုံမှန်ဝင်ရောက်လျက်ရှိပြီး   ယခုလက်ရှိအချိန်တွင်   ဈေးနှုန်းများမှာလည်း နောင်ချိုခရမ်းချဉ်သီး ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျှင် ငွေကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ဈေးအထိရရှိနေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင်က ပြောသည်။
“လက်ရှိမှာတော့ ခရမ်းချဉ်သီးအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်ဒေသဘက်က ခရမ်းချဉ်သီးတွေ ဈေးကွက်ကို အများဆုံးရောက်ရှိလာတာပါ။ နောင်ချိုသီးတွေလည်း ဈေးကောင်းရရှိနေပါတယ်။ အဝင်နည်းပြီး ပစ္စည်းပြတ်လပ်နေမှုများကြောင့်လည်းပါတယ်။ တစ်နေ့ကို ကားစီးရေ ၂၀ ပုံမှန်ဝင်ရောက်နေပါတယ်။ တာနဲ့ပြောရမယ်ဆိုရင် အချိန် ၄၀၀၀ လောက်ဝင်ပါတယ်။ အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ ကျန်တဲ့ဒေသတွေက ထွက်ရှိမှုမရှိတော့ပါဘူး။ နောင်ချိုဒေသက ခရမ်းချည်သီးတွေပဲ ထွက်တော့တယ်။ ကျန်တဲ့ ကုန်စိမ်းသီးနှံတွေလည်း ပုံမှန်အရောင်းအဝယ်ကောင်းနေ ပါတယ်”ဟု ၎င်းက ပြောသည်။
 အဆိုပါ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းကာ ဈေးကောင်းများရရှိနေကြောင်း၊ ခရမ်းချဉ်သီးအပြင် ကျန်သည့် ကုန်စိမ်းသီးနှံများဖြစ်သော ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲ၊ မုန်ညင်းဖြူ၊ ခရမ်းသီး၊ ဂေါ်ရခါးသီး၊ အာလူးနှင့် ကြက်သွန်များလည်း ပုံမှန်အနေ အထားဖြစ် အရောင်းအဝယ်များကောင်းနေကြကြောင်း သိရသည်။

မောင်အေးချမ်း