
နေပြည်တော် ဇူလိုင် ၂၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။
အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကလပ်အသင်းများမှ တာဝန် ရှိသူများ ယခုပြိုင်ပွဲများကို လာရောက်ကြည့်ရှုပြီး ခြေစွမ်းခြေစရှိသည့် အားကစားသမားများကို သက်တမ်းအလိုက် လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများအတွက် တိုက်ရိုက်ရွေးချယ် ခေါ်ယူမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် မိမိတို့အတွက် အခွင့်အလမ်း ကောင်းတစ်ခုအဖြစ်ခံယူပြီး မိမိတို့၏ အရည်အချင်း များကို ဖော်ထုတ်ပြသနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲ မှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစားသမားကောင်း များ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြပြီး ပြိုင်ပွဲဖွင့်ပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ (အပေါ်ပုံ)
စဉ်ဆက်မပြတ်ကျင်းပပေးနေ
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ထူးချွန် ထက်မြက် သည့် လူငယ်သွေးသစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပပေး ခြင်းဖြစ်ပြီး မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် အရှေ့တောင်အာရှ အဆင့်နှင့် အာရှအဆင့်ပြိုင်ပွဲများတွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလား ချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင် ရန် မြန်မာ့လက်ရွေးစင်အသင်းများကို ကျောထောက် နောက်ခံအဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင် မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ဘောလုံး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်း ဖြစ်သည်။
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ပေါင်းလောင်းကွင်းနှင့် လယ်ဝေးကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကာ အားကစားကို စိတ်ပါဝင်စားကြသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်