လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ သံသယလူနာတစ်ဦးအပါအဝင် လူနာ ၁၀ ဦးအား စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိ

 
 
 
ရန်ကုန် ဖေဖော်ဝါရီ ၈
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019 nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက် ည ၉ နာရီအထိ သံသယလူနာတစ်ဦး အပါအဝင် လူနာ ၁၀ ဦးတို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိ သည်။
 
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်တွင် နေထိုင်သူ အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ချမ်းတုန် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ညပိုင်း အဖျားကြီးခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ လာရောက် ပြသခဲ့သည်။ အဆိုပါ အမျိုးသားသည် ဇန်နဝါရီ ၂၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့မှ ပြန်လာခဲ့ပြီး ဆီဆိုင်မြို့နယ်သို့ ဇန်နဝါရီ ၂၉ ရက် တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက် တွင် အဆိုပါလူနာအား ဘန်းယဉ် တိုက်နယ်ဆေးရုံမှ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးသို့ လွှဲပြောင်း ညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကာ လူနာထံမှ ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွား မည်ဖြစ်သည်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မုန်းဝေမြို့နယ်တွင် ခြောက်လခန့်နေထိုင်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြန်လည် ရောက်ရှိခဲ့သည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ ဖျားနာ ကြောင်း သိရသည့်အတွက် ယင်းနေ့တွင်ပင် ပုဏ္ဏား ကျွန်းမြို့နယ် ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့သည်။ အဆိုပါလူနာ အမျိုးသမီးတွင် ဖျားနာခြင်းမှလွဲ၍ အခြား လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရသော်လည်း ဓာတ်ခွဲနမူနာ ရယူထားကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်။
 
တရုတ်နိုင်ငံ မိုင်းတိန်မြို့နယ်မှ ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည့် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်နေထိုင်သူ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ ခံစားရသဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ ထိုမှတစ်ဆင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်။ ၎င်းလူနာ၏ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွား မည်ဖြစ်သည်။
 
သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူနေသောလူနာများအနက် လှိုင်သာယာ ပြည်သူ့ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူခဲ့သည့် တရုတ်နိုင်ငံသား အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဓာတ်ခွဲ အဖြေတွင် 2019 Novel Coronavirus ရောဂါပိုး မရှိကြောင်း သိရသဖြင့် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး မင်းပြား မြို့နယ် ဆေးရုံရှိ အသက်(၃၈)နှစ်အရွယ် အမျိုးသား လူနာ၏ ဓာတ်ခွဲနမူနာအဖြေမှာလည်း 2019 Novel Coronavirus ရောဂါပိုး မရှိကြောင်းသိရသဖြင့် သံသယလူနာစာရင်းမှ ပယ်ဖျက်ကာ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
 
 
ကြေးမုံ