
နေပြည်တော် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရာတွင် ယမန်နေ့က စစ်ကိုင်း တိုင်းဒေသကြီး ဒီပဲယင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များပူးပေါင်းအဖွဲ့သည် နယ်မြေအေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် နံနက် ၈ နာရီခွဲခန့်တွင် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာ အရှေ့ဘက် အရောက်၌ လက်နက်ကိုင် အကြမ်းဖက်သူ အင်အား ၁၀၀ ခန့်မှ လမ်းဘေးဝဲ/ယာ တောင်ကုန်းများပေါ်မှ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်သေနတ် များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် လက်နက်ကိုင် အကြမ်း ဖက်သူများသည် အနောက်တောင်ဘက်သို့ ဆုတ်ခွာ သွားခဲ့ပြီး ၎င်းတို့ တိုက်ခိုက်ခဲ့သည့် နေရာတစ်ဝိုက် အား လိုက်လံစစ်ဆေးခဲ့ရာ အဆိုပါ နေရာများမှ လက်လုပ်စိန်ပြောင်း လေးလက်၊ တူမီးသေနတ် ခြောက်လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ
အလားတူ နံနက် ၈ နာရီခွဲခန့်တွင် မင်းကင်း မြို့နယ် ပန်းဆက်ကျေးရွာ၌ အခြေပြုလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရန်အတွက် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ခန့်သည် မောက္ကတော် ကျေးရွာဘက်မှ ချင်းတွင်းမြစ်အတိုင်း စက်လှေ နှစ်စင်းဖြင့် ထွက်ခွာလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်း၍ အဆိုပါ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ များ ပန်းဆက်ကျေးရွာ အနောက်ဘက် လေးဖာလုံ ခန့်အကွာရှိ ဆိပ်ကမ်းသို့ရောက်ရှိစဉ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများမှာ နံနက် ၉ နာရီတွင် မောက္ကတော်ကျေးရွာဘက်သို့ စက်လှေနှစ်စင်းဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ထို့အတူ ကောလင်းမြို့နယ် ရွာရှည်တောင် ကျေးရွာ၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် သုံးစီးဖြင့်သွားရောက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ် ခန့်တွင် သစ်ဆိမ့်ကုန်းကျေးရွာအထွက် အရောက် တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ များက ကားလမ်းပေါ်တွင် လက်လုပ်မိုင်းများ ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လက်နက်ကိုင် အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းနှင့် ထိတွေ့မှုဖြစ်စဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ကောလင်းမြို့မရဲစခန်းအား လက်နက်ကိုင် သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ကောလင်းမြို့ ကျော်ဇေယျာ (၁)ရပ်ကွက် ဘုန်းကြီးကျောင်းအနောက်ဘက်မှ လက်နက်ကြီးဖြင့် ခုနစ်ချက်ခန့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ရဲစခန်းရုံး အတွင်းရှိ အမျိုးသမီးအချုပ်ခန်း အမိုးသွပ် တစ်ချပ် အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
လှည့်ကင်းဆောင်ရွက်နေစဉ် ချောင်းမြောင်းပစ်ခတ်
ထို့အတူ ကသာမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် နယ်မြေလုံခြုံရေးလှည့်ကင်း ဆောင်ရွက် နေစဉ် ည ၁၂ နာရီခွဲခန့်တွင် ထီးချိုင့်မြို့နယ် ကျောက်အိုင်ကျေးရွာအနီးအရောက်၌ လက်နက်ကိုင် သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ကာ ဇူလိုင် ၃ ရက် နံနက် ၁ နာရီခွဲတွင် လက်နက်ကိုင် သောင်းကျန်းသူ များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းနှင့် ထိတွေ့မှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ကာ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးတို့တွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော အင်အားများ ဖြည့်တင်း၍ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်