
ပင်းတယ ဇူလိုင် ၂၅
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာ အုပ်စု ငဖိန်းအင်းတွင်းအတွင်း မွေးမြူရေးဇုန် စီမံကိန်းဆောင် ရွက်မည့်နေရာသို့ ဇူလိုင် ၂၃ ရက် က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
မွေးမြူရေးဇုန် စီမံကိန်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများက မြေယာ၊ လျှပ်စစ် မီး၊ ရေ၊ လမ်း စသည့်ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက် မှာကြား၍ မွေးမြူရေးဇုန် ဆောင် ရွက်မည့် မြေနေရာအား ကြည့်ရှု ကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပင်းတယ (ကျုံး) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသို့ သွား ရောက်ရာကျောင်းရှိ လက်တွေ့ ဆောင်ရွက်မည့် စက်မှုခန်း၊ စိုက်ပျိုး ရေးခန်းတို့ကို လှည့်လည်ကြည့်ရှု ၍ စက်မှုပထမနှစ်၊ စိုက်ပျိုး ပထမနှစ် စာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ ငွေပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံယူ သည်။
ယင်းနောက် MSME ထုတ်ကုန် ဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်း ဖြစ်သည့် ပင်းတယမြို့နယ်တွင် ဦးခွန်သာ ဝင်း၊ ဖြိုးတံဆိပ်ဖြင့် ဆီကြိတ်စက်၊ အမှုန့်ကြိတ်စက်၊ အမေ့အိမ် ဆေးဖက်ဝင် ဓာတ်စာလုပ်ငန်း နှင့် မြကျောက်လက်ဖက်ခြောက် လုပ်ငန်းတို့ကို ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)