
နေပြည်တော် ဇူလိုင် ၂၅
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်း အဝေး တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေ သည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ Ambassador Abdul Motaleb Sarker အား လည်းကောင်း၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel အား လည်းကောင်း ၊ ညနေပိုင်းတွင် အိန္ဒိယ နိုင်ငံမှ H.E. Shri Ajit Doval အားလည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယမန်နေ့က အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire အား လည်း ကောင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အားလည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေ ရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲလာမှု အခြေအနေနှင့် လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်