
နေပြည်တော် ဇူလိုင် ၂၆
အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဇနီးတို့သည် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများ၊ အဖွဲ့ဝင်များ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့နှင့် အတူ ယနေ့တွင် နေပြည်တော်ရှိ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီးတို့ကို သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုရာ ဂေါပက အဖွဲ့က ဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက် နေမှု၊ ကျောက်စာရုံစေတီတော် များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော် နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များကို ဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ကပ်လှူ ပူဇော်၍ ဖူးမြော်ကြည်ညိုကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရင်ပြင် တော်ပတ်လည်ရှိ စကျင်ကျောက် များဖြင့် အနုပညာလက်ရာ ကွဲပြားစွာ တည်ဆောက်ထား သည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ အဋ္ဌကထာဋီကာ ကျမ်းစာများ ကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ ထွင်းထုထည့်သွင်း ထားသည့် ကျောက်စာရုံစေတီ တော် အဆူ ၇၂၀ တို့ကို ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဓာတ်ပုံတို့ကို ဓမ္မ လက်ဆောင်အဖြစ် ပေးအပ်သည်။
ထို့အတူ ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၏ ဇနီးများသည် ယနေ့နံနက်ပိုင်းက နေပြည်တော် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြကာ စေတီတော် လိုဏ်အတွင်းရှိ မြန်မာလက်မှု အနုပညာများဖြင့် ထွင်းထုပူဇော် ထားသည့် ဗုဒ္ဓဖြစ်စဉ်တော်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ကြည်ညို ပြီး အလှူငွေများ ပေးအပ်လှူဒါန်း ကြရာ စေတီတော်ဂေါပကအဖွဲ့ဝင် များ လက်ခံရယူ၍ ပန်းပေါင်းစုံ ဆင်းတုတော်များကို ဓမ္မ လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်သည်။
ထို့နောက် စေတီတော်ကြီး ပရိဝုဏ်အတွင်း ရတနာဆင်ဖြူ တော်အဆောင်ရှိ ဆင်ဖြူတော် များကို အစားအစာများ ကျွေးမွေး ကြသည်။
ယင်းနောက် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၏ ဇနီးများသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက် လေ့လာကြည့်ရှုကြပြီးအမျိုးသားပြတိုက်သို့ ဆက်လက် သွားရောက်လေ့လာကြရာ ပြတိုက် တာဝန်ခံက ပြတိုက်နောက်ခံသမိုင်း အကျဉ်း၊ ပြတိုက်ဆိုင်ရာ အချက် အလက်များ၊ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြကွင်း ပြကွက်များကို လိုက်လံရှင်းလင်း ပြသကြသည်။
သတင်းစဉ်