
ပုသိမ် ဖေဖော်ဝါရီ ၈
(၁၀၅) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကာ " ဧရာဝတီတိုင်းသား အနုပညာရှင်များရဲ့ ဂီတပွဲခင်း" အမည်ရှိ ဂီတဖျော်ဖြေပွဲကို ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း အတွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့ညတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေပွဲကို နိုင်ငံကျော် ဂီတစာဆိုအလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေက ဦးဆောင်ကာ ဧရာဝတီတိုင်းသား နိုင်ငံကျော်ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားကြမည်ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲအကြိုစကားသံများကို အများပြည်သူသိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါသည်-
အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ
ဗိုလ်ချုပ်မွေးနေ့ကို ဧရာဝတီတိုင်းဒေသကြီးကနေပြီးတော့ထွက်တဲ့ အနုပညာရှင်တွေကနေ ဂုဏ်ပြုဖျော်ဖြေတဲ့ လူထုဖျော်ဖြေပွဲတစ်ခုပါ။ အဲဒါလုပ်မယ်ဆိုပြီးတော့ ဒီ ဧရာဝတီတိုင်းဒေသကြီးကနေ အကြောင်းကြားတဲ့အတွက် ဦးက ဧရာဝတီတိုင်းသားဖြစ်တယ်၊ ဧရာဝတီတိုင်းထဲက နေထွက်တဲ့ အနုပညာရှင်တွေချည်းပဲ ဖျော်ဖြေတင်ဆက် မယ့် ပွဲလုပ်မယ်၊ ကိုယ့်တိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှုက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာမှ ဖျော်ဖြေတင်ဆက်တဲ့ပွဲ ဖြစ်နေတဲ့အတွက် ပါဝင်ဆောင်ရွက်ဖို့ ပဏာမညှိနှိုင်းတာ ပါ။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ပွဲပါ။ အဲဒီပွဲကို"ဧရာဝတီတိုင်းသား အနုပညာရှင်များရဲ့ ဂီတပွဲခင်း" လို့ ခေါင်းစဉ်ကို ဒီလိုပေးထားတယ်။ ဘာလို့ ဂီတပွဲခင်းလို့ တပ်သလဲဆိုတော့ ဂီတဆိုတာ သီချင်းဆို တာ ဂီတပဲ၊ ပွဲခင်းဆိုတာ မိုးဒီတို့ ကောင်းစံတို့ပါတဲ့ အငြိမ့် အဖွဲ့ပါသေးတယ်။ ဂီတနဲ့အငြိမ့်ရော ပါအောင်ဆိုပြီး ဒီနာမည်လေး ပေးခဲ့တာပါ။
အနုပညာရှင်တွေ သီချင်းဆိုတာတွေပါမယ်၊ မိုးဒီဟာ ဟင်္သာတသားဖြစ်တဲ့အတွက် ပါမယ်၊ သူတို့က အငြိမ့်နဲ့ ဖျော်ဖြေတင်ဆက်မယ်၊ ဧရာဝတီတိုင်းဒေသကြီးကနေ ထွက်တဲ့ အဆိုတော်တွေပါမယ်၊ သူတို့ အောင်မြင်တဲ့သီချင်း တွေ ဆိုကြမယ်၊ အဲဒီမှာ စနစ်တကျဖြစ်ဖို့အတွက်ရယ်၊ ပရိသတ်စိတ်ဝင်တစားဖြစ်ဖို့ကောင်းတဲ့ ဖျော်ဖြေတင်ဆက် မှုလေးတွေဖြစ်အောင် ဝန်ကြီးချုပ်နဲ့တွေ့ပြီး တင်ပြဆွေးနွေး တာပါ။ ဝန်ကြီးချုပ်ကလည်း ဝမ်းသာအားရနဲ့ လက်ခံကြိုဆို ပါတယ်။ ဦးအနေနဲ့ကတော့ ရန်ကုန်မှာလည်း ဒီလိုပွဲတွေ၊ နိုင်ငံတော်ပွဲကြီးတွေ စီစဉ်နေတာလေ။
ဒါကြောင့်မို့ ကိုယ့်တိုင်းမှာလုပ်မယ့်ဒီပွဲကိုလည်း စနစ် တကျနဲ့ခမ်းခမ်းနားနားဖြစ်အောင် လာပြီးတော့ အစီအစဉ် လေးတွေ လာပြောကြတာ။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း စိတ်ပါတယ်။ ဘာလို့စိတ်ပါလည်းဆိုတော့ ကိုယ့်တိုင်းက ထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှုဖြစ်တဲ့အတွက်ပါ။ တကယ် တမ်းကျတော့ တကယ်ကိုကြည့်ချင်စရာကောင်းတဲ့၊ ပိုက်ဆံပေးကြည့်ရတဲ့ ပွဲမျိုး၊ လက်မှတ်ရောင်းတဲ့ပွဲမျိုးတွေ ထက် ထူးခြားတဲ့ပွဲမျိုးဖြစ်တယ်။ ပရိသတ်တွေလည်း စိတ်ပါဝင်စားမယ်လို့ ယူဆတယ်။ ဦးကအဲဒီမှာ ထူးထူး ခြားခြားပြောရမယ်ဆိုရင်တော့ ဧရာဝတီတိုင်းအတွက် ဟိုတုန်းကရေးပေးဖူးတယ်။ အဲဒီသီချင်းကိုပဲ ပြန်လည် ပြင်ဆင် အသံသွင်းပေးပြီး ဖျော်ဖြေရေးအစီအစဉ် စပြီ ဆိုတာနဲ့ ဝန်ကြီးချုပ်ပြောအပြီး ကျောင်းသား ကျောင်းသူ အယောက် ၃၀ က "အလှဆုံး ဧရာဝတီ" သီချင်းကို တစ်ပြိုင်တည်းသီဆိုဖွင့်ပြီးတာနဲ့ အဆိုတော်တွေ ဆိုမယ်၊ အဆိုတော်တွေ ကုန်ပြီဆိုတာနဲ့ အကယ်ဒမီ မိုးဒီရဲ့ ဟာသအငြိမ့်သွားမယ်၊ ည ၇ နာရီကစတာ နောက်နေ့ နံနက် ၁ နာရီလောက် အနည်းဆုံး ဖျော်ဖြေချိန် ၅ နာရီ ၆ နာရီလောက် ရှိမယ်။ ပရိသတ်တွေ လာရောက်ပေးကြဖို့ တိုက်တွန်းပါတယ်။
ကံ့ကော်တောမျိုးအောင်
ကျွန်တော်တို့ရဲ့ ဧရာဝတီတိုင်းအတွက် ဗိုလ်ချုပ်မွေးနေ့ ဖျော်ဖြေရေးအစီအစဉ်မှာ သီချင်းဆိုပေးပါ့မယ်။ အလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေက ဒီအစီအစဉ်ကို အကြောင်း ကြားပါတယ်။ ကျွန်တော်ကိုယ်နှိုက်ကလည်း ကိုယ့်တိုင်းရဲ့ လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ရတာဟာ အင်မတန်လည်း ဂုဏ်ယူဖို့ကောင်းတဲ့အတွက် ဒီအစီအစဉ်ကို လက်ခံပေးခဲ့ပါတယ်။အကောင်းဆုံးလည်း ဖျော်ဖြေပေးချင်ပါတယ်။
နောက်တစ်ခုက ဒီလိုပွဲကြီးမျိုးဆိုတာ ကျွန်တော်တို့ သိရသလောက် ဧရာဝတီတိုင်းဒေသကြီးမှာ မလုပ်ခဲ့ဖူး သေးပါဘူး။ ကျွန်တော်ဆိုရင် ပုသိမ်မြို့မှာ မွေးဖွားတယ်၊ ပုသိမ်မှာ ကြီးပြင်းတယ်။ အဲဒီမှာ ကျွန်တော်တက်ခဲ့တဲ့ ကျောင်းက အမှတ်(၃) အထကမှာပါ။ အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ပုသိမ်မှာ မြို့နဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီး ကျေးဇူးဆပ်ချင်တယ်၊ ဂုဏ်ပြုချင်တယ်။ အခု ဒီအစီအစဉ် လေးကို လုပ်မှာဆိုတော့ စိတ်ထဲမှာ စိတ်အားထက်သန်နေ ပါတယ်။ အားရပါးရလည်း ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း
လက်ရှိအစိုးရလက်ထက်မှာ ဖေဖော်ဝါရီ ၁၃ ရက် ရောက်တိုင်းရောက်တိုင်း အခမ်းအနားတွေ၊ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်ဖြစ်ပါတယ်။ ဒီနှစ်မှာလည်းပဲ ထူးထူးခြားခြား ဆောင်ရွက်မယ့် အနေအထားရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုလို့ရှိရင် ထူးချွန်ထင်ရှား ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ အနုပညာနယ်ပယ်မှာ တော်တော်လေး တွေ့နေရတယ်။ အဲဒါကြောင့်မို့ ဒီနှစ်မှာ တော့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထား တာက ဧရာဝတီတိုင်းကနေ ကျော်ကြားတဲ့ အနုပညာရှင် တွေ ဖိတ်ခေါ်ပြီး ဗိုလ်ချုပ်ဂုဏ်ပြုပွဲလေးလုပ်မယ်လို့ စီစဉ် ထားတယ်။ အဲဒီမှာ ဟင်္သာတဦးမြင့်ငွေတို့ကဦးစီးပြီး ဧရာဝတီတိုင်းက အနုပညာရှင်တွေက ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ကျင်းပရတဲ့ရည်ရွယ်ချက်က ဗိုလ်ချုပ်ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဆိုတာလေးကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် ကလေးတွေပါသိအောင်၊ ဗိုလ်ချုပ်ကို သတိရနေအောင် ကျွန်တော်တို့ နှိုးဆော်တဲ့ အခမ်းအနား လေးပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဧရာဝတီတိုင်းဒေသ ကြီးမှာ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဗိုလ်ချုပ်ကဲ့သို့ အရည်အချင်းတွေ၊ ဗိုလ်ချုပ်ကဲ့သို့ ကြိုးစားချင်စိတ်တွေရှိ အောင်၊ ကလေးတွေ တက်ကြွလာအောင် ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ဆိုတာလေးကို ကလေးတွေကို သိစေချင်လို့ ဒီပွဲကို ကျင်းပပေးရခြင်း ဖြစ်ပါတယ်။
ဒီဖျော်ဖြေရေးအစီအစဉ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ အစီအစဉ်နဲ့ပဲ လုပ်တာပါ။ ရန်ပုံငွေကောက်ခံတာတို့၊ နောက်တစ်ခါ ကြည့်ရှုခွင့်ငွေယူတာတို့မရှိပါဘူး။ လွတ်လပ်စွာ ပျော်ရွှင်နိုင်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားပါ တယ်။ နောက်တစ်ခါ ဖေဖော်ဝါရီ ၁၃ ရောက်တိုင်းမှာ ဒီနေ့ကတော့ ဗိုလ်ချုပ်မွေးနေ့ပါလား သတိရနေအောင်လို့ သူ့ရဲ့ကြိုးစားမှု၊ လှုပ်ရှားမှု၊ စိတ်ဓာတ်ကို တက်ကြွစေမယ့် သီချင်းတွေ ဖျော်ဖြေခြင်းအားဖြင့် ကလေးတွေရဲ့ မျက်လုံး ထဲမှာဗိုလ်ချုပ်ကို သတိရစေချင်တာပါ။
အဆိုပါ ဂုဏ်ပြုဖျော်ဖြေပွဲ၌ ဧရာဝတီတိုင်းသား နိုင်ငံ ကျော် အနုပညာရှင်များဖြစ်ကြသည့် အလင်္ကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေ၊ ဝါးခယ်မ ရဲမောင်၊ ကံ့ကော်တော မျိုးအောင်၊ မေရွက်ဝါ၊ အကယ်ဒမီ မိုးဒီ ဦးဆောင်သော ကောင်းစံ၊ စံလင်း၊ အိရွှေစင်မွန်း(ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်)အငြိမ့်အဖွဲ့၊ အဆိုတော် ညိုမြလေး၊ ဦးရန်ပိုင်စိုး၊ ယုဇန၊ ခင်ပိုးပန်းချီနှင့် Myanmar idol အဆိုရှင်များ ဖြစ်ကြသည့် ဇော်ကြီး၊ နှင်းအိအိဝင်းတို့က ဂုဏ်ပြုတေး သီချင်းများ၊ အကပဒေသာဖျော်ဖြေမှုများဖြင့် တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - ဝင်းကြိုင်၊ စိုးမင်းဦး
ဓာတ်ပုံ - နေဝင်း(ပြန်/ဆက်)