
မင်းဘူး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ၌ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှ စတင်ပြီး ပင်မရေပိုလွှဲမှ ၃ ဒသမ ၂ ပေခန့် ဆည်ရေများ ကျော်ကျလျက်ရှိပြီး ဆည်ရေပြည့်အမှတ်ကျော်လွန်၍ သာမန်ရေကျော်မှုအဆင့်ဖြစ်သည့်အတွက် ဆည်အောက်ပိုင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မန်းချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲမှ ယခုလက်ရှိ သုံးပေ ကျော်ခန့် ဆည်ရေကျော်ကျမှုသည် ဆည်ရေပြည့်အမှတ်သို့ရောက် ရှိခဲ့သည့်အတွက် ပုံမှန်(သာမန်) ရေကျော်သည့်အဆင့်သာ ဖြစ် ကြောင်း၊ မန်းချောင်ရေလှောင်တမံ၏ အမြင့်သည် ပေ ၆၄၀ ရှိပြီး ရေပြည့်အမှတ်မှာ ၆၂၅ ပေ ဖြစ်ကြောင်း၊ ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ယင်းတမံ၏ ဆည်ရေအမှတ်သည် ၆၂၈ ဒသမ ၂ ပေသို့ ရောက်ရှိခဲ့သည့်အတွက် ပင်မရေပိုလွှဲမှ အမြင့်ပေ ၃ ဒသမ ၂ ပေခန့် ရေကျော်၍ စီးဆင်းခြင်းဖြစ်ကာ တမံကြံ့ခိုင်ကောင်းမွန်ရေး နှင့် ပင်မရေပိုလွှဲနှစ်ခု၊ အရန်ရေပိုလွှဲနှစ်ခု ဆောင်ရွက်ထားရှိသည့် အတွက် ယခုရေကျော်မှုသည် တမံအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ မန်းတမံ၏ Maximum High Flood Level သည် ၆၃၃ ဒသမ ၅ ပေ ဖြစ်ပြီး ဆည်ရေကျော်သည့်အချိန်တွင် ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်မှုမဖြစ်ပွားစေရန်နှင့် ရေကျော်မှုဖြစ်စဉ်ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးဆောင်ရွက်ထား ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်က ပြောသည်။
ယခုလက်ရှိ မန်းချောင်းရေလှောင်တမံအထက်ပိုင်းရှိ အပေါ် ရေဆင်းဧရိယာများတွင် မိုးများအဆက်မပြတ်ရွာသွန်းခြင်း၊ မိုးရွာ သွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ မန်းချောင်းအတွင်းသို့ စဉ်ဆက်မပြတ် စီးဆင်းဝင်ရောက်မှုများကြောင့် ဆည်ရေသိုလှောင် နိုင်မှုပမာဏထက် ကျော်လွန်ပြီး သာမန်အဆင့် ဆည်ရေကျော်ကျမှု ဖြစ်ပွားရခြင်းသာဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)