အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသူများ ရိုက်နှက်ခံရဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

နေပြည်တော်  ဩဂုတ်  ၁
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသူ ၂၀ ခန့်  ရိုက်နှက်ခံရ ဟူသော ခေါင်းစဉ်ဖြင့် RFA Burmese အမည်ခံ Facebook Page က ဇူလိုင် ၂၅ ရက်တွင်   ပြည်သူလူထု  အထင်အမြင်   လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်အား  စိစစ်ရာတွင်  အကျဉ်းထောင်၏  စည်းမျဉ်း စည်းကမ်းများအရ အကျဉ်းသား အကျဉ်းသူများအား ညစဉ် ၉ နာရီ တွင် အိပ်ချိန်အဖြစ်သတ်မှတ်ထားသော်လည်း ဇူလိုင် ၂၀ ရက်တွင် အမျိုးသမီး အိပ်ဆောင်(၁)ရှိ  အကျဉ်းသူများအနက် အကျဉ်းသူလေးဦး တို့သည်  သတ်မှတ်ပေးထားသော အိပ်ချိန်တွင် အိပ်စက်ခြင်းမရှိဘဲ စကားပြောနေကြသည်ကို   တာဝန်ကျဝန်ထမ်းများက  အိပ်စက်ရန် သွားရောက်ပြောဆိုသော်လည်း အိပ်စက်ခြင်းမရှိဘဲ  အကြိမ်ကြိမ်  သွားရောက်ပြောဆိုမှသာ  ယင်းအကျဉ်းသူလေးဦးသည်    အိပ်စက်သွား ခဲ့ကြောင်း။
ထို့အပြင် ဇူလိုင် ၂၁ ရက် ညတွင်လည်း ယင်းအကျဉ်းသူလေးဦး တို့သည် အိပ်ဆောင် တာဝန်ခံက  သတ်မှတ်ထားသောအချိန်တွင် အိပ်စက်ရန်နှင့်  အကျဉ်းထောင်၏   စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် သတိပေးပြောကြားသော်လည်း အကျဉ်းသူ လေးဦးအနက်မှ အကျဉ်းသူနှစ်ဦးသည် အကျဉ်းထောင်ဝန်ထမ်းအား ရိုင်းပျစွာဖြင့် စည်းကမ်းများ  မလိုက်နာနိုင်ကြောင်း ပြန်လည်ပြောဆို သဖြင့်  ယင်းအကျဉ်းသူနှစ်ဦးအား  အိပ်ဆောင်ခွဲ၍   ထိန်းသိမ်းခြင်း သာဖြစ်ကြောင်း၊    အကျဉ်းသူများအား ဝိုင်းဝန်းရိုက်နှက်ခြင်းများ  မရှိကြောင်း။
အဆိုပါ အကျဉ်းသူများသည် ရောဂါခံစားနေရသူများ မဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်သူများဖြစ်သည့်အပြင် အကျဉ်းသူနှစ်ဦးအား ဝန်ထမ်းများက ထိခိုက်ဒဏ်ရာရရှိအောင် ရိုက်နှက် ခြင်းများမရှိသည့် အတွက် RFA Burmese ၏ ဖော်ပြမှုသည် ပြည်သူအများ  အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။
ဝေဝေဖြိုး