ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့တွင် ရေကြီးရေကျော်မှု ကျဆင်းသွားသဖြင့် လူစီးရထားခရီးစဉ်များ ဩဂုတ် ၃ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲ

 

နေပြည်တော်   ဩဂုတ်    ၂


လက်ရှိမိုးရာသီကာအတွင်း  ဇူလိုင် ၂၇ ရက်မှစ၍ ပဲခူးတိုင်းဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း မိုးသည်းထန်စွာရွာသွန်း လျက်ရှိပြီး   ရေကြီးရေလျှံမှုများကြောင့်  မြန်မာ့ မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာ နှင့် ဘုရားကြီးဘူတာအကြားနှင့် ပဲခူး - မော်လမြိုင် လမ်းပိုင်းရှိ        ပဲခူးဘူတာ - ကလိဘူတာအကြား တို့တွင်လည်းကောင်း၊     ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ် - ဟင်္သာတ - ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊   ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာ အချို့တွင်လည်းကောင်း ရထား သံလမ်းအပေါ်သို့ ရေကျော်တက် ခြင်း၊    ရထားတံတားအချို့၏ ရေလယ်တိုင်နှင့်    ကမ်းကပ်ခုံ များ  ရေတိုက်စားခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရသဖြင့်    ရန်ကုန်-မန္တလေး၊ ရန်ကုန် - မော်လမြိုင်နှင့် ပုသိမ်-ဟင်္သာတ-ကြံခင်းရထား ခရီးစဉ်များကို ယာယီဖျက်သိမ်း ထားကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်သည်။


မြန်မာ့   မီးရထားအနေဖြင့် ယခုကဲ့သို့       မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည့်   သဘာဝ ဘေးအန္တရာယ်ကြောင့်  ယာယီ ပိတ်ထားရသည့် ရေကျော်စီးဆင်း နေသောနေရာများတွင် ရေကင်း စောင့် ဝန်ထမ်းများ နေ့/ည မပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊  ရေကျသွားသည့် ပဲခူး - ဘုရားကြီး  ရထားလမ်းပိုင်းအတွင်း  မြန်မာ့ မီးရထား     တာဝန်ရှိသူများနှင့် လုပ်သားများက  ကျောက်ရထား နှင့် သံလမ်းပြေးယာဉ် RGC များ အသုံးပြု၍    ကျောက်ကြီးများ ချခြင်း၊  ရထားလမ်းနှင့်တံတား များ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို ဇူလိုင် ၂၉ ရက်မှ   ဩဂုတ် ၁ ရက် အထိ    နေ့စဉ်ဆောင်ရွက်ခဲ့ကြ သည်။


ယနေ့ဩဂုတ် ၂ ရက် တိုင်းတာ စစ်ဆေးချက်များအရ ပဲခူးဘူတာ ယာဒ်ဝင်းတွင်    ရေများပြန်လည် ကျဆင်းသွားပြီး     ယာဒ်ဝင်း  အစုန်ဘက် တံတားအမှတ်(၆၀)အနီးတွင်   သံလမ်းမျက်နှာပြင် အောက် သုံးလက်မခန့်သို့ လည်း ကောင်း၊ ပဲခူး-ဘုရားကြီးအကြား အဆန်လမ်းဘက်တွင်   သံလမ်း မျက်နှာပြင်အောက်  နှစ်ပေ  ခုနစ် လက်မနှင့် အစုန်လမ်းဘက်တွင် လေးပေ နှစ်လက်မအထိ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သဖြင့်  ရထားလမ်းပိုင်း   တာပေါင်များ အား  စစ်ဆေးမှုအရ ရထားများ ဖြတ်သန်း  စေလွှတ်နိုင်ပြီဖြစ်၍ ရန်ကုန် - မန္တလေး  ရထားလမ်း အတွင်း ပဲခူး - ဘုရားကြီးအကြား လမ်းပိုင်း၊ ရန်ကုန် - မော်လမြိုင် ရထားလမ်းအတွင်း၊  ပဲခူး - ကလိ အကြား   လမ်းပိုင်းများအတွင်း ကျောက်ရထား၊ ကုန်ရထားနှင့် သံလမ်းပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ယနေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် လမ်းပိုင်း ပြန်လည်ဖွင့်လှစ်၍  ကုန်ရထား များကို ယနေ့မှစ၍ စတင်ပြေးဆွဲ ခွင့်ပြုခဲ့သည်။


ထို့နောက် ရေနစ်မြုပ်ခဲ့သည့် ပဲခူးဘူတာယာဒ်ဝင်း၊    တံတား အမှတ်(၆၀)နှင့် ရထားလမ်းပိုင်း များ၏   တံတားနှင့်  လမ်းပိုင်း ကြံ့ခိုင်မှုများ အသေးစိတ်ထပ်မံ စစ်ဆေးခြင်း၊ လိုအပ်သည့် ကြံ့ခိုင် ရေးလုပ်ငန်းများ    ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၃ ရက်မှစတင်၍ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် လူစီး စာပို့ရထား၊  အမှတ် (၁၁)အဆန်၊ အမှတ်(၁၂)အစုန်  လူစီးအမြန် ရထား၊ အဆန်အထူး၊ အစုန်အထူး အမြန်ရထားနှင့်     ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အမှတ်(၈၁)အဆန်၊ အမှတ်(၈၂)အစုန်  စသည့်လူစီးအမြန်ရထား များကို   ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီး  ပုသိမ် - ဟင်္သာတ - ကြံခင်း ရထားလမ်းပိုင်းအတွင်း  ရေများ ပြန်လည်    ကျဆင်းသွားပါက ရထားလမ်းနှင့်    တံတားများ ကြံ့ခိုင်မှုတို့ကို    အသေးစိတ် စစ်ဆေးဆောင်ရွက်ပြီး  ရထား များ အမြန်ဆုံးပြန်လည် ပြေးဆွဲ ပေးနိုင်ရေး    ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်     ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်