ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

နေပြည်တော်    ဩဂုတ်     ၃
MNDAA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့်  ဒေသခံပြည်သူများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည်  စစ်ရေးနှင့်မသက်ဆိုင်သည့်  လားရှိုးမြို့ အတွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှာလည်း ယာယီနေရပ် စွန့်ခွာနေရကြောင်း သိရသည်။
ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့်  လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊   ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊  လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်  ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊  မြန်မာနိုင်ငံပန်းချီပန်းပု အစည်း အရုံး(ဗဟို)၊   မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊  မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ  ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်