
နေပြည်တော် သြဂုတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒိုက်ဦး - ညောင်ခါးရှည် ဗျူဟာလမ်းဘေးဝဲယာနှင့် ကောလိယ - နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံ မြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော် - ပလိုင်းဖြတ် မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝေါမြို့နယ် ပဲခူး - စစ်တောင်း တူးမြောင်းတွင် တည်ဆောက်ထားသော အကျယ် ပေ ၃၀၊ အမြင့် ၂၂ ပေရှိ မြစ်ကျိုးရေတံခါးကြံ့ခိုင်မှု ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပဲခူး - စစ်တောင်းတူးမြောင်းတာ ကျိုးပေါက်မှုမရှိစေရေး နှင့် ရေလွှမ်းရေမြုပ်မှုများ လျော့ကျသွားပါက သီးနှံ များ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ အရန်မျိုးစပါး စုဆောင်းထားရှိရေး ၊ ပျိုးထောင်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်စိုက်ပျိုးရန် မြေနေရာများ ကြိုတင် တွက်ချက်ခြင်းကို ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များ ကို ပြွန်တန်ဆာ - ဒိုက်ဦးလွင်ပြင်မှ စီးဆင်းလာသည့် ချောင်းနှင့် ကွင်းရေများ၏ ရေဘေးအန္တရာယ်နှင့် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကို ကာကွယ်ထား သည့် ပုကိုင်တာကို ကာကွယ်ထိန်းသိမ်းထားရှိမှု၊ ရေကင်းများတာဝန်ချထားမှု၊ အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းမှု၊ စက်ယန္တရားများ အလွယ်တကူ ရွေ့ပြောင်းနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာတမံတောင့်တင်းခိုင်မာရေး အတွက် ဆောင်ရွက်ရန်လိုအပ်မည့် လုပ်ငန်းများနှင့် မိုးရာသီကာလပြီးဆုံးပါက ပဲခူးရိုးမအရှေ့ဘက်ခြမ်း ရှိ ဘိုင်းဒါးနှင့် ကောလိယတမံများမှ ပိုလျှံရေများကို ပုကိုင်တာရေသွင်းတံခါးမှတစ်ဆင့် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စိုက်ပျိုးရေပေးသွင်းရန်ကိစ္စရပ် များ၊ ပုကိုင်တာ ရေရှည်ကြံ့ခိုင်ရေးနှင့် တာတမံများ ကြံ့ခိုင်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာတာဝန် ရှိသူများ၊ ဌာနများနှင့် ရပ်ကွက်ကျေးရွာများမှ အစု အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ပုကိုင်တာသည် အလျား ၁၇/၄ မိုင် ရှည်လျားပြီး တာထိပ်အမြင့် ပျမ်းမျှ ၁၂ ပေ နှင့် ထိပ်မျက်နှာပြင် အကျယ် ပျမ်းမျှ ၁၀ ပေရှိကာ စစ်တောင်းမြစ်ရေနှင့် ပြွန်တန်ဆာလွင်ပြင်မှ စီးဝင်မြင့်တက်လာသည့်ရေ များကို ကာကွယ်ဧရိယာအတွင်း ဝင်ရောက်ခြင်းမရှိ စေရန် ကာရံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်