နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် အများပြည်သူလေ့လာနိုင်ရန် ရှားပါးပရဆေးပင်များ စိုက်ပျိုးပြသ

 

နေပြည်တော်   ဩဂုတ်   ၈


ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည်  ယနေ့ညနေပိုင်းက  နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ဆေးဖက်ဝင်ပရဆေးပင်စိုက်ခင်းများကို  ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  ရဲတင့်ထွန်းနှင့်       တာဝန်ရှိသူများက နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် သွေးတိုး ရောဂါ၊  ဆီးချိုရောဂါ၊  ဝမ်းပျက်  ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊  ငှက်ဖျားရောဂါ၊  အဆုတ်(တီဘီ)ရောဂါ စသည့် မြန်မာနိုင်ငံ၌ အဖြစ်များသော ရောဂါ ကြီး(၆)မျိုးနှင့်  သက်ဆိုင်သော  ပရဆေးပင်များကို အဓိက  စိုက်ပျိုးပြသထားမှုနှင့်   မိမိတို့ဝန်ကြီးဌာန  က ငှက်ဖျားနှင့် အဆုတ်(တီဘီ) ရောဂါကြီး (၂)မျိုးနှင့် သက်ဆိုင်သော    ပရဆေးပင်များ၊   တိုင်းဒေသကြီး ပြည်နယ်အလိုက် ရှားပါးပရဆေးပင်များကို စိုက်ပျိုး ပြသထားမှုအခြေအနေများကို      ရှင်းလင်းတင်ပြ ကြသည်။


တင်ပြချက်များနှင့်စပ်လျဉ်း၍   ပြည်ထောင်စု ဝန်ကြီးက  မိမိတို့ဝန်ကြီးဌာနက တာဝန်ယူစိုက်ပျိုး ပြသထားသည့်  ပရဆေးပင်များကို စိုက်ကွက်၊ပြကွက် တစ်ခုချင်းအလိုက်သတ်မှတ်ထားသော အမျိုးအစား များကို    အဆင့်မီစိုက်ပျိုးပြသနိုင်ရေး     ပြုပြင် ဆောင်ရွက်ရန်၊  စိုက်ပျိုးရေးပညာတတ်ကျွမ်းသူများ က စီမံဆောင်ရွက်နေခြင်းဖြစ်၍   အောင်မြင်စိုက်ခင်း များ၊ ပြကွက်များဖြစ်အောင်စီမံသွားရန်၊ တိုင်းရင်း ဆေးဝါးပင်နှင့်   ပတ်သက်သော   ဗဟုသုတများကို တစ်နေရာတည်းတွင် ပြည်သူများ စုံစုံလင်လင် လေ့လာ နိုင်ကြစေရန်နှင့်    ရာသီအလိုက်   အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ်   နေ့စဉ်   စားသုံးနေသည့် ဟင်းသီးဟင်းရွက်၊   သစ်သီးဝလံပင်များကို သတိပြု နိုင်အောင်    စိုက်ပျိုးပြသခြင်းအပြင်    ငှက်ဖျားနှင့် အဆုတ်(တီဘီ) ရောဂါများနှင့်ဆိုင်သော    ပရဆေးပင် တစ်မျိုးချင်း၏     သိမှတ်ဖွယ်ရာများပါ   စုဆောင်း ဖော်ပြသည့်  လက်ကမ်းစာစောင်များ   ထုတ်ဝေရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည်   ပရဆေးဥယျာဉ်အတွင်း   ဝန်ကြီးဌာနမှ စိုက်ပျိုးပြသထားသည့်     ငှက်ဖျားရောဂါပျောက် တိုင်းရင်းပရဆေးပင်များ၊   အဆုတ်(တီဘီ)  ရောဂါ ပျောက်   တိုင်းရင်းပရဆေးပင်များ၊  တိုင်းဒေသကြီး ပြည်နယ်များမှ စုဆောင်းထားရှိသော ပရဆေးပင် များ၊  ဆေးဖက်ဝင်သစ်ခွနှင့်  ဂမုန်းပင်များ ၊ ရာသီ စာသီးနှံပင်များ ၊ နှစ်ရှည်ပင်များကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။                  

  သတင်းစဉ်