2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး(၁၂/၂၀၂၀)ကျင်းပ

Image not available
 
 
 
 
ရန်ကုန် ဖေဖော်ဝါရီ ၈
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာ ခန်းမ၌ ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၁၂/၂၀၂၀)သို့ တက်ရောက်သည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်၌ မိမိတို့သည် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီး ဌာနများနှင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများနှင့်လည်းကောင်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လက်ခံနိုင်ဖွယ်ရှိသည့်အဆင့်သို့ ရောက်ရှိနေသည်ဟု သုံးသပ်နိုင်ပါကြောင်း၊ ယခုအချိန်၌ အားဖြည့်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးသည့် ကိစ္စရပ်မှာ ရောဂါဖြစ်ပွားသူများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အား အချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသော ကုသမှုများ ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် ဖြစ်ပါကြောင်း၊ ဝေဘာဂီအထူးကုဆေးရုံအပါအဝင် ဝန်ကြီးဌာနဆေးရုံ များ၌ လူနာများပေါ်ပေါက်လာပါက အရေးပေါ်ကြပ်မတ် ကုသမှု၌ အသုံးပြုရန် ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို လုံလောက်စွာရှိစေရန်နှင့် အဆင်သင့်ဖြစ်စေရန် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်အတွက် မိမိတို့လက်ဝယ်ရှိနေသော ပြည်သူများမှ လှူဒါန်းငွေများအပြင် နိုင်ငံတော်အစိုးရမှ ပေးအပ်ထား သော အရေးပေါ်ရန်ပုံငွေမှ အမြန်ဆုံး ဝယ်ယူဖြည့်တင်း လျက်ရှိနေပါကြောင်း။
 
ဆက်လက်အားဖြည့် ဆောင်ရွက်ရမည်
 
ဝန်ကြီးဌာနဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်ဒေသများအားလုံးမှ ဝန်ထမ်းများသည် နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ ကြိုးပမ်းဆောင်ရွက်နေမှုများကို သုံးသပ်ကြည့်ရှုရာ ကျေနပ်မှုရှိပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်များသို့ ဖေဖော်ဝါရီ ၇ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသော လေယာဉ်နှစ်စင်း မှ ခရီးသည် စုစုပေါင်း ၁၁၇ ဦးသာ ဝင်ရောက်လာခြင်း သည် ယခင်ကထက် သိသာစွာလျော့နည်းသွားခြင်းဖြစ် ပြီး ယခုကဲ့သို့ ရောဂါပြန့်ပွားကူးစက်မှု ဖြစ်ပေါ်နေသော ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်မှု ရှုထောင့်မှ
ကြည့်လျှင် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါ ကြောင်း၊ ယင်းခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆက်လက်အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသို့ ဝင်ရောက် လာသည့် နိုင်ငံတကာမှခရီးသည်များ၏ ရာခိုင်နှုန်းများစွာ သည် ၎င်းတို့ ယခင်ကတည်းက ငှားရမ်းထားသည့် အိမ်များ သို့ သွားရောက်နေထိုင်သည်ကို တွေ့ရှိရပါကြောင်း။
 
မိမိတို့၏ ဝန်ထမ်းများသည် ထိုသို့ နိုင်ငံတကာမှ ပြည်တွင်းသို့ ဝင်ရောက်လာသူများ နေထိုင်ရာရပ်ကွက် များ၌ ပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊ မိမိတို့၏ ဝန်ထမ်းများအနေဖြင့် တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများအား “ရောဂါ၏ သံသယလက္ခဏာများရှိသူ များ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားရန်မှာ အထူးအရေးကြီးကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားသူမှ တည်းခိုခန်းနှင့် ဟိုတယ် ဝန်ထမ်းများ အပါအဝင် အခြားသူများထံ ရောဂါကူးစက် ပြန့်ပွားခြင်းကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း” တို့ကို အမြဲတမ်းအသိပေးနှိုးဆော် ပြောကြားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်သူများ တည်းခိုရာ၊ နေထိုင်ရာ နေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ ဖြန့်ဝေထားပြီးသော ကျန်းမာရေးအသိပညာပေး ပိုစတာ များ၊ လက်ကမ်းစာစောင်များအား ပြည်သူလူထုမှ ဖတ်ရှုမှု၊ နားလည်သိရှိမှုနှင့် အမှန်တကယ် လက်တွေ့အသုံးချ ဆောင်ရွက်မှု အခြေအနေများကို အသုံးချသုတေသနဖြင့် ရက်ပိုင်းအတွင်း သိရှိရန် ဆောင်ရွက်ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များအပေါ်မူတည်၍ လိုအပ်သလို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
 
ယခုအချိန်၌ ဤရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ များစွာသော လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် ပူးပေါင်းလုပ်ကိုင်နေမှုရှိသဖြင့် စနစ်တကျ တာဝန် ခွဲဝေသတ်မှတ်၍ ဆောင်ရွက်မှသာလျှင် ထိရောက်သော အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဤကိစ္စကို ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကြီးကြပ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဤရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တွေ့ရှိရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများ ကို အမြန်ဆုံးသုံးရက်အတွင်း ဆန်းစစ်ကာ မိမိတို့ဗဟို အဖွဲ့ထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သော ပြုပြင်မှု၊ လုပ်ငန်းလမ်းညွှန်မှုများကို ချက်ချင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုရှိသော ပြည်ပ နိုင်ငံများမှ လာရောက်သူများအား ခွဲခြား၍ဆက်ဆံခြင်း များ(stigmatization) မရှိစေရန်မှာ အလွန်အရေးကြီးပါ ကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံမှုများမှာ ဤရောဂါ ကာကွယ်ထိန်းချုပ်မှု၌ အကျိုးမရှိသည့်အပြင် မလိုလား အပ်သော ပြဿနာများဖြစ်ပွားနိုင်သည်ကို ပြည်သူများမှ သိရှိရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် သက်ဆိုင်ရာ မြို့နယ်ဆရာဝန်များက ဦးဆောင်၍ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သူနာပြု၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များသည် သက်ဆိုင်ရာ မြို့နယ်အတွင်း၌ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ အခြားနိုင်ငံမှ လာရောက်သူများ အများဆုံးနေထိုင်သည့် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
 
ဤကိစ္စရပ်သည် ရောဂါဖြစ်ပွားသူများကို စောစီးစွာ ထောက်လှမ်းနိုင်ရေးအတွက် အရေးကြီးသဖြင့် အထူး ဦးစားပေးအနေဖြင့် ယနေ့မှစ၍ မြို့နယ်ဆရာဝန်များကို တာဝန်ပေးအပ် ဆောင်ရွက်စေလိုပါကြောင်း၊ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်ဆရာဝန်များ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများကဦးစီး၍ အနီးကပ်ညွှန်ကြားဆောင်ရွက်စေလိုပါ ကြောင်း၊ ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ခြေရှိသူများထံ ကူးစက်ပျံ့နှံ့နိုင်မှု အခြေခံနှုန်း (အာရ်သုည)တန်ဖိုးသည် အခြားကူးစက်မြန်ရောဂါများ ထက် မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတွက် ရောဂါဖြစ်ပွားမှု သံသယရှိသူများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စောင့်ကြပ် ကြည့်ရှုမှုမှာ အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများကို အထူးသဖြင့် ပြောကြားလိုသည်မှာ ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိကို ၁၄ ရက်တာကာလ စောင့်ကြပ်ကြည့်ရှု ခြင်း(quarantine)နှင့် သီးခြားခန်းတွင် ထားရှိခြင်းသည် ဤရောဂါကာကွယ်ထိန်းချုပ်မှု၌ အကျိုးရှိသည့် ကိစ္စရပ် တစ်ခုဖြစ်ပါကြောင်း။
 
လက်ကမ်းစာစောင်ကို ပေးဝေ
 
ထိုသို့ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူ လမ်းကြောင်းရောဂါ လက္ခဏာများပေါ်ပေါက်လာပါက ချက်ချင်းကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန် သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုး ရှိသည့်ကိစ္စရပ်ဖြစ်ပါကြောင်း၊ စောင့်ကြည့်လူနာများတွင် 2019-nCoV ရောဂါပိုး ရှိ၊ မရှိဓာတ်ခွဲစမ်းသပ်မှု၌ ဤ ရောဂါပိုးမရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသောသူများအား လည်း လိုက်နာဆောင်ရွက်ရမည့်အချက်များကို နှုတ်ဖြင့် ပြောကြားသည့်အပြင် လက်ကမ်းစာစောင်ကိုလည်း ပြုစု ထားရှိပြီး ပေးဝေလျက်ရှိပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ လမ်းညွှန်ချက်များ၊ လုပ်ငန်း လမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကို ပြုစု ထုတ်ဝေ၍ ဖြန့်ဝေလျက်ရှိရာ ဤလမ်းညွှန်များကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နယ်စပ်ဝင် ၊ ထွက်ပေါက်များ၌ ဆောင်ရွက်ရန်ကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက စီမံကြပ်မတ်၍ ဆောင်ရွက်စေလို ပါကြောင်း။
 
မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ဝေထားသော ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် ဓာတ်ခွဲနမူနာရယူခြင်း လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ် ထုံးလုပ်နည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ သုံးသပ် ၍ လိုအပ်လျှင်လိုအပ်သလို ပြုပြင်ထုတ်ဝေရမည်မှာ ရောဂါဗေဒဆိုင်ရာ သဘောတရားနိယာမအရ အလွန် အရေးကြီးပါသဖြင့် တာဝန်ရှိသူအသီးသီးက ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ မြို့နယ်အဆင့် တာဝန် ရှိသူများအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထု နားလည်နိုင်မည့် သတင်းအချက်အလက်များကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အသိပညာပေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း။
မိမိတို့ လုပ်ဆောင်ထားရှိသည့် အချက်များကို နေ့စဉ်မှတ်တမ်းထားရှိပြီး ဆောင်ရွက်ချက်ပြီးစီးမှု ရှိ၊ မရှိကိုလည်း အမြဲတမ်းကြီးကြပ်ဆန်းစစ်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ပံ့ပိုးရန် ကတိပြုထား သော နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် အသုံးပြု သည့် ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ၊ ဓာတ်ခွဲ စမ်းသပ်ရာတွင် အသုံးပြုသည့် ရောဂါပိုးရှာဖွေရန် ဓာတ်ခွဲပစ္စည်းများနှင့် ဆေးရုံများတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ထားရှိမှုများ နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ် ရေးကွန်ရက်ကို အသုံးပြု၍ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသ များတွင် သံသယလူနာနှင့် စောင့်ကြည့်လူနာများတွေ့ပါက လူနာညွှန်းပို့ရမည့် သတ်မှတ်ဆေးရုံများကို တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ သိရှိစေရန်အတွက် ကြိုတင်အကြောင်း ကြားထားရမည် ဖြစ်ပါကြောင်း။
 
ဆေးရုံကြီးများအနေဖြင့် ရောဂါကုသရေးလုပ်ငန်း ရှုထောင့်နှင့်ပတ်သက်ပြီး မိမိတို့ဆေးရုံတွင် ပြင်ဆင် ထားရှိမှုများ၊ လိုအပ်ချက်များနှင့် နယ်စပ်ဒေသများရှိ ဆေးရုံများတွင်ထားရှိရန် ထပ်မံလိုအပ်မည့် ပစ္စည်းကိရိယာ များကို အမြန်ဆုံးတင်ပြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနမှလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ယခု မြန်မာနိုင်ငံမှ 2019-nCoV လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ရှိ၊ မရှိ ရည်ညွှန်းဓာတ်ခွဲ ခန်းသို့ ပေးပို့ခဲ့သော ဓာတ်ခွဲနမူနာများအနက် ခုနစ်ခုမှာ 2019-nCoV ရောဂါပိုးမတွေ့ရှိဟု အဖြေရရှိပြီး ကျန်ရှိသော ဓာတ်ခွဲနမူနာများအတွက် အဖြေစောင့်ဆိုင်းဆဲဖြစ်ပါကြောင်း၊ ဆက်လက်ပေးပို့မည့် ဓာတ်ခွဲနမူနာများအတွက် ချိန်ကိုက်နမူနာ ရယူမှုများ ပိုမိုတိကျ မှန်ကန်ရန်အတွက်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းထံမှ အကြံဉာဏ်များ အမြန်ဆုံးရယူစေလိုပါကြောင်း။
 
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လုပ်ဆောင်ချက်များကို ဖတ်ရှုရ လွယ်ကူစေရန် အကျဉ်းချုံးပြုစု၍ အခြားတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန များသို့ ပေးပို့စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်း များအားလုံးကို ယခုလုပ်ဆောင်နေသော လုပ်ငန်းများသည် ပြည်သူများအားလုံး အကျိုးအတွက် ဆောင်ရွက် နေသည်ကို နှလုံးသွင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
 
ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်
 
ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကုသရေး၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့်ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး(update)ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့် မှ အသေးစိတ်သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာ အတွက် ကုသရေးရှုထောင့်မှသုံးသပ်ချက်များ၊ အပြည် ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များ မှ ဝင်၊ ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှုအချက်အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊ သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ စသည်တို့အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
 
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခ ချုပ်/ ဆေးရုံအုပ်ကြီး(ရန်ကုန်ဆေးရုံကြီး) ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်(ဓာတ်ခွဲ)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး၊ ပါမောက္ခချုပ်(ပြည်သူ့ကျန်းမာရေး တက္ကသိုလ်)၊ ညွှန်ကြားရေးမှူး(ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာ ရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာ ရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန် ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သည်။
 
 
သတင်းစဉ်