
ပြည် ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ ၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။(အောက်ပုံ)
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာရေး အာဟာရ ဦးစီးအရာရှိ ဒေါ်လှလှအေး ဦးဆောင်သော မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာမ များအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက် ကလေးမိခင်များကို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း၊ မိခင်နို့တိုက်ကျွေးရာတွင်လိုက်နာရမည့် အလေ့အထ(၁၁)ချက်အကြောင်း နှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများတွင် ဖြစ်ပေါ်တတ်သောရောဂါများအကြောင်းအပါအဝင် “ဘဝရှေ့ဆောင် ရက်တစ်ထောင် အနာဂတ်အတွက် အလင်းရောင်”၊ “အစာအုပ်စုများစုံလင်အောင်စား” စသည့် ခေါင်းစဉ်တို့ဖြင့် ကျန်းမာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတအကြောင်း ဆွေးနွေးဟောပြောသည်။
ထို့နောက် ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက် ကလေးမိခင်များကို အာဟာရနှင့် သက်ဆိုင်သော မေးခွန်းများမေးမြန်းပြီး ပြန်လည်ဖြေကြားဆွေးနွေးပေး ကြသော မိခင်များကို ဆုလက်ဆောင်များပေးအပ်ကာ အသက် ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များကို ဗီတာမင်(အေ)ဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။ ကိုဆက်(ပြန်/ဆက်)