
နေပြည်တော် ဩဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဘဲဥသားဖောက်စက်၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွား မျိုးထိန်း မျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘဲမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့် ဒေသနွား များ တိုးပွားထိန်းသိမ်းရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တပ်ကုန်း-ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်တွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များ၊ ဇီဝလုံခြုံမှု အဆင့်-၃၊ ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း တည်ဆောက်ရေး စီမံကိန်း အချက်အလက်များနှင့် လုပ်ငန်းစဉ်များ၊ ဘဲဥ သားဖောက်စက်၏ လုပ်ငန်းစဉ်များနှင့် ဘဲသားပေါက် ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနပိုင် ဥဖောက်စင်များ စနစ် တကျ အဆင့်မြှင့်တင် ရွှေ့ပြောင်းကာ ဘဲသားပေါက် များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေးကြောင်း၊ သတင်းစာများ၊ ဝက်ဘ်ဆိုက်များတွင်လည်း မကြာ ခဏ အသိပေးကြော်ငြာပေးနေသည့်တိုင် လုပ်ငန်းရှင် များ၊ အစုအဖွဲ့အစည်းများအနေဖြင့် စိတ်ဝင်စားမှု နည်းနေကြောင်း၊ သို့ဖြစ်၍ မြို့နယ်အလိုက် ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကိုလည်း တစ်နိုင်တစ်ပိုင် မွေးမြူ ရေးကို စည်းရုံးသွားကြစေလိုကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် ဘဲဥသားဖောက်စက် အလုပ်ရုံ၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွား မျိုးထိန်းမျိုးပွားခြံ၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ဆောင်ရွက်ပြီးစီးသည့် လျှိုပိတ်ဆည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာနမွေးမြူ ရေးခြံများအနေဖြင့် ရေနှင့်အစာ တိုက်ကျွေးမှုစနစ် မှန်ကန်စေရေး၊ အစာခွက်များ ပုံမှန်သန့်ရှင်းရေး အပါအဝင် ဇီဝလုံခြုံမှုဆိုင်ရာ စံနမူနာကောင်း ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူ များကို ဆွေးနွေးမှာကြားသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရန်ကုန် ရွာသာကြီးခြံရှိ ဘဲဥသားဖောက်စက် နှစ်လုံး၊ ပဲခူး ဘုရားကြီးခြံရှိ ဘဲဥသားဖောက်စက် လေးလုံး၊ နေပြည် တော် ရွှေမြို့ခြံရှိ ဘဲဥသားဖောက်စက် ငါးလုံးတို့မှ သားပေါက်များထုတ်လုပ်၍ ဘဲမွေးလုပ်ငန်းရှင်များ၊ ဘဲမွေးတောင်သူများကို ဖြန့်ဖြူးပေးလျက်ရှိရာ ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်ရှိ ဘဲဥသားဖောက်စက်မှ နှစ်စဉ် ဘဲသားပေါက်ကောင်ရေ ၃၆၂၀၀၀ ကျော် ထုတ်လုပ် ပေးလျက်ရှိကြောင်း၊ ဘဲမွေးမြူလိုသူများအနေဖြင့် အမှာစာများ ပေးပို့ မှာကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်