
ကေကေစိုး
အာဖဂန်နစ္စတန်နိုင်ငံတွင် အစိုးရတပ်များနှင့် တာလီဘန်တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် တာလီဘန်တိုက်ခိုက်ရေးသမားများ ရာနှင့်ချီ၍ အသတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက ဇူလိုင် ၃ ရက်တွင် ပြောသည်။
တိုက်ပွဲများပြင်းထန်လာ
ဩဂုတ်လနှောင်းပိုင်းတွင် အာဖဂန်မြေပေါ်မှ အမေရိကန်တပ်များကို အပြီးတိုင် ရုပ်သိမ်းသွား မည်ဟု အမေရိကန်ဘက်မှ ကြေညာပြီးနောက် အာဖဂန်နစ္စတန်တွင် တိုက်ပွဲများ ပြင်းထန်လာ သည်။ ၎င်းတို့၏ အဓိက လေတပ်အခြေစိုက်စခန်း ဖြစ်သော ဘာဂရမ်စခန်းမှ အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက်ပိုင်းတွင် အမေရိ ကန်ဘက်မှ ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အခြေစိုက်စခန်းမှာ ဆယ်စုနှစ် နှစ်ခုစာကြာ မဟာမိတ်တပ်များ ပူးပေါင်း၍ တာလီဘန်များနှင့် အယ်ကိုင်ဒါများကို စစ်ဆင်ရေး များ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်သည်။
စိုးရိမ်မှုများရှိ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဖဂန်အစိုးရနှင့် တိုက်ပွဲများကြောင့် တာလီဘန်တိုက်ခိုက်ရေးသမား ၃၀၀ ကျော် အသတ်ခံရသည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ဇူလိုင် ၃ ရက်တွင် ပြောသည်။ အစိုးရတပ်များ နှင့် တာလီဘန်တို့ မကြာခဏတိုက်ပွဲများ ဖြစ်ပွား လေ့ရှိသည့် တောင်ပိုင်း ဟယ်လ်မန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း တာလီဘန်များကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ပေးထား သည့်လေကြောင်းအကူအညီမရဘဲ အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ရုန်းကန်ရမည် ဟူသောစိုးရိမ်မှုများလည်း ရှိနေသည်။
ငြင်းဆိုခဲ့
မကြာသေးမီရက်ပိုင်းအတွင်း အာဖဂန် လေတပ်သည် တာလီဘန်များ ပုန်းခိုရာနေရာများနှင့် သူပုန်များ နေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သည်။ တာလီဘန်များဘက်မှ သေကျေဆုံးရှုံးမှုများစွာရှိသည်ဟု ဟယ်မန်းပြည်နယ်ကောင်စီမှ အဖွဲ့ဝင် တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ အာဖဂန် အစိုးရဘက်မှ ပြောကြားချက်ကို တာလီဘန်များက ငြင်းဆိုခဲ့သည်။ တစ်ဖက်နှင့် တစ်ဖက်သေဆုံးမှုများ ကို ချဲ့ကားပြောလေ့ရှိပြီး သေဆုံးသူ အတိအကျကို ဆုံးဖြတ်ရန်မူ ခက်ခဲသည်။ မေ ၁ ရက်မှ စတင်ကာ အမေရိကန်တို့ဘက်မှ တပ်ဖွဲ့ဝင် ၂၅၀၀ ကို အပြီး သတ် ဆုတ်ခွာမှုများ စတင်ပြုလုပ်ခဲ့သည်။
အလေးထားဆောင်ရွက်
ကျေးလက်ဒေသဘက်တွင် အာဖဂန်တပ်များ နှင့် တာလီဘန်တို့အကြား တိုက်ပွဲများမှာ ပိုမို ပြင်းထန်လာသည်။ ရလဒ်အနေဖြင့် တာလီဘန် တို့သည် ခရိုင်အချို့ကို သိမ်းယူနိုင်ခဲ့ပြီး အစိုးရတပ်ဖွဲ့ ဝင်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။ တိုက်ပွဲများ ပြင်းထန်လာသော်ငြားလည်း ပင်တဂွန်သည် အမေရိကန်တပ်ဖွဲ့ဝင်များ အပြီး တိုင်ရုပ်သိမ်းပြီး အမေရိကန်၏ အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်ရန်သာ အလေးထားဆောင်ရွက် လျက်ရှိသည်။
နီးကပ်လာပြီ
ဇူလိုင် ၂ ရက်တွင် အမေရိကန်နှင့် နေတိုးတပ် ဖွဲ့ဝင်များသည် ဘာဂရမ် လေတပ် အခြေစိုက်စခန်းမှ ထွက်ခွာခဲ့ကြပြီး မဟာမိတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ရေးအရ ပါဝင်ဆောင်ရွက်မှုမှာ အဆုံးသတ်ရန် နီးကပ်လာပြီဟု အချက်ပြလျက်ရှိသည်။
မှတ်မိနေမည်ဖြစ်
ပြီးခဲ့သည့်နှစ်များတွင်း ကဘူးလ်မြို့သည် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ လာရောက်လည်ပတ်ရာ နေရာဖြစ်ခဲ့သည်။ အာဖဂန် နိုင်ငံသားများအတွက် ဘာဂရမ်လေတပ် အခြေစိုက်စခန်းမှာ နိုင်ငံခြားသားများ အများဆုံး ပါဝင်ပတ်သက်ခဲ့ရာ နေရာအဖြစ် မှတ်မိနေမည်ဖြစ် သည်ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး အုပ်စုမှ အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာကျွမ်းကျင်သူ အန်ဒရူးဝတ်ကင်က ပြောသည်။ ၂၀၀၁ ခုနှစ်မှစတင် ကာ အဆိုပါနေရာသည် နိုင်ငံခြားသားတပ်ဖွဲ့ဝင် များအတွက် ဝင်ပေါက်နေရာတစ်ခုဖြစ်နေသကဲ့သို့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များတိုက်ပွဲတွင် အသားစီးရစေရေးအတွက် အရေးပါသည့်နေရာ လည်း ဖြစ်ခဲ့သည်။
အဆိုပါနေရာမှ အမေရိကန်တပ်ဖွဲ့ဝင်များကိုဆုတ်ခွာပေးလိုက်ခြင်းသည် နောက်ထပ်ပြည်တွင်း စစ်တစ်ခုဖြစ်ပွားလာစေရေးအတွက် လောင်စာပေး လိုက်သလိုပင် ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း လည်း ၎င်းက ဆက်ပြောသည်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ကာလက ဖြစ်ရပ်မျိုး ပြန်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ၎င်းက ဆက်ပြောသည်။ သမိုင်း တစ်ပတ်လည် ဖြစ်ပေါ်တတ်သည်ကို နားလည် ကြောင်း အမေရိကန်များ သည် စစ်ပွဲမဆုံးမီ ထွက်ခွာသွားကြသည်ဟု ကဘူးလ်မြို့ဒေသခံ တစ်ဦးဖြစ်သူ ဒါဝတ်ဟိုတက်ခ်က ပြောသည်။
ဖြေလျှော့ပေးခဲ့
အမေရိကန်တပ်များ ထွက်ခွာသွားသည့်အခါ တာလီဘန်များက ပြင်းထန်သည့် တိုက်ပွဲများ ပြုလုပ်သည့်အတွက် နောက်ထပ်ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်သည်ဟုလည်း ၎င်းက ဆက် ပြောသည်။ ဇူလိုင် ၂ ရက် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါစိုးရိမ်မှု နှင့် ပတ်သက်ပြီး ဖြေလျှော့ပေးခဲ့သည်။ အမေရိကန် တပ်ဖွဲ့သည် အာဖဂန်အစိုးရနှင့် တပ်ဖွဲ့ဝင်များကို အကူအညီများ ဆက်လက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ကဘူးလ်မြို့ရှိ အမေရိကန် သံတမန်များကို စောင့်ရှောက်ရန်အတွက် အမေရိ ကန်တပ်ဖွဲ့ဝင် ၆၀၀ ခန့်ကို ပင်တဂွန်မှ ဆက်လက် ထားရှိသွားဖွယ်ရှိသည်ဟု မီဒီယာများတွင် ဖော်ပြ ကြသည်။
အဓိကဝင်ပေါက်
ဘာဂရမ်လေတပ်အခြေစိုက်စခန်းမှ နိုင်ငံခြား တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခြင်းမှာ ရက်အနည်းငယ် အတွင်း နိုင်ငံခြားတပ်ဖွဲ့ဝင်အားလုံးကို အာဖဂန် မြေပေါ်မှ ရုပ်သိမ်းသွားရန် သဘောမျိုးမဟုတ်ဟု အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပစာကီက ပြောသည်။ နိုင်ငံခြားတပ်ဖွဲ့ဝင်များအားလုံးမှာ ဩဂုတ်လကုန်ပိုင်းတွင် ထွက်ခွာသွားကြမည်ဟု လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဘာဂရမ်လေတပ်အခြေစိုက်စခန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့အတွက် လက်နက်များ ဝင်ရောက်ရာ အဓိကဝင်ပေါက်နေရာလည်း ဖြစ်သည်။
ကူညီပေးသွားမည်
ယခုအခါ အာဖဂန်တပ်ဖွဲ့ဝင်များက အဆိုပါ နေရာကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်းကို အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် ၆၅၀ သာ ကျန်ရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ကဘူးလ်ရှိ အမေရိကန်သံရုံးတို့ကို အကာ အကွယ်ပေးရာတွင် ကူညီပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ဆုတ်ခွာမှုကို တာလီဘန်ခေါင်းဆောင်က ကြိုဆိုခဲ့သည်။ သို့သော်လည်း တာလီဘန်များနှင့် အာဖဂန်တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်ဆဲဖြစ်သည်။ ။
ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ