ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်

Image not available
 
 
ရန်ကုန် ဖေဖော်ဝါရီ ၈
 
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်း အမှတ် (၄၂၁/ဒီ) ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့က လူထုအခြေပြုဗဟိုဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာနအဆောက် အဦအတွင်းရှိ ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ သင်တန်းခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းနှင့် ကစား ကွင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းမနှင့် လသာဆောင်တွင် စားပွဲတင်တင်းနစ်ကစားမှု၊ ကရာတေးဒိုသရုပ်ပြမှုတို့ကိုလှည့်လည်ကြည့်ရှုကြသည်။
 
အသိပညာပြန့်ပွားရေး
 
ယင်းနောက် ဘက်စုံသုံးခန်းမ၌ကျင်းပသည့် လူထု အခြေပြုဗဟိုဌာနဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဌာနကြီး လေးခုရှိပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူကို သတင်းအချက်အလက်ပေးခြင်း၊ အသိ ပညာပေးခြင်း၊ ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ပါ ကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်လည်း ပုံနှိပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ကျောင်းသုံးစာအုပ်များကို ရိုက်နှိပ်ထုတ်ဝေသည့်အပြင် ရွေးကောက်ပွဲများအတွက် မဲလက်မှတ်များ၊ မဲစာရင်းများ ရိုက်နှိပ်ခြင်းကိုလည်း ဆောင်ရွက်ပါကြောင်း၊ ၎င်းဌာနရှိ စာပေဗိမာန်ဌာနသည်လည်း စာပေနှင့်ဆက်စပ်သော လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် ပုံနှိပ်ခြင်းသာမက အသိပညာပြန့်ပွားရေးကိုလည်း ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆုချီးမြှင့်ခြင်း များတွင်လည်း ပါဝင်ဆောင်ရွက်ပါကြောင်း၊ ထို့အပြင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည်လည်း မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာ များကို နေ့စဉ်ထုတ်ဝေဖြန့်ချိပြီး သတင်းအချက်အလက် ပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေပါ ကြောင်း။
 
နောက်တစ်ခုမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပင် ဖြစ်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အသီးသီးတို့တွင်တည်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးရုံးများနှင့်တွဲဖက်၍ စာကြည့်တိုက်များဖွင့်လှစ်ဆောင် ရွက်ပါကြောင်း၊ ၎င်းဌာနသည် အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရပါကြောင်း၊ ပြောင်းလဲလာသည့် အနေ အထား၊ ဒီမိုကရေစီကူးပြောင်းရေးကာလတွင် လုပ်ငန်း ဆောင်ရွက်မှုကို တစ်ဖက်သတ်သဘောမျိုးမဟုတ်ဘဲ အပြန်အလှန်သဘောမျိုးဖြင့် ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများကိုလည်း Community Centre များအဖြစ် ပြီးခဲ့သည့်နှစ်ပိုင်းမှစ၍ ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း။
 
တင့်တင့်တယ်တယ် ဖွင့်လှစ်နိုင်
 
ယနေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် စတင်ဆောင်ရွက် ခဲ့သည့် လူထုအခြေပြုဗဟိုဌာန အဆောက်အဦကို ခမ်းခမ်း နားနားနှင့် တင့်တင့်တယ်တယ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ဆောင်ရွက်ချက်များကို ပြည်သူလူထုထံ ပြန်လည် အစီရင်ခံရသည့်တာဝန်ရှိပါကြောင်း၊ Community Centre များတွင် အများပြည်သူဆုံတွေ့ကြပြီး အများပြည်သူလိုလား သည့်အကြောင်းအရာ၊ စိတ်ဝင်စားစရာအကြောင်းအရာ များကို ဆွေးနွေးတိုင်ပင်ကာ ၎င်းသဘောထားဆန္ဒများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ရရှိကြပါ ကြောင်း၊ ၎င်းမှတစ်ဆင့် လွှတ်တော်များ၊ မူဝါဒချမှတ်သည့် နေရာများထံသို့ ဆက်လက်ပို့ဆောင်ခြင်းလည်း ဖြစ်ပါ ကြောင်း။
Community Centre များမှတစ်ဆင့် ဒီမိုကရေစီပုံစံကို ပီပီပြင်ပြင် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်တွင် အများပြည်သူပါဝင်မှုအားကောင်းလေ၊ ဒီမိုကရေစီ ပိုမိုပြည့်ဝလေဖြစ်ပါကြောင်း၊ အများပြည်သူဆန္ဒသဘော ထားများ ဖော်ထုတ်ဖလှယ်နိုင်သည့် Community Centre များအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) များကို သက်ဆိုင်ရာ မြို့နယ်များရှိ အများပြည်သူ ပြည့်ပြည့်ဝဝသုံးစွဲနိုင်ရန် ရည်ရွယ်ပါကြောင်း၊ လူကြီး၊ လူငယ်မရွေး အသုံးပြုနိုင်ပါ ကြောင်း။
 
ယနေ့ဖွင့်လှစ်သည့် Community Centre တွင် ရုပ်ပိုင်းဆိုင်ရာများ ပြည့်ပြည့်ဝဝဖြစ်အောင် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ Community Centre ၏ အနှစ်သာရများကို ပြည့်ဝအောင် ကြိုးစားဆောင်ရွက်နိုင်ရန်မှာ ဗဟန်းမြို့နယ် တွင်ရှိသည့် လူကြီး၊ လူငယ်များ၊ ရန်ကုန်မြို့တွင်ရှိသည့် လူကြီး၊ လူငယ်များ၏စိတ်ပါဝင်စားမှုအပေါ် မူတည်ပါ ကြောင်း၊ ယခုကဲ့သို့ တင့်တယ်ခမ်းနားသည့် Community Centre ဖြစ်မြောက်လာစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
 
ဆွေးနွေးတိုင်ပင်စရာ နေရာတစ်ခု
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဗဟန်းမြို့နယ်တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ပေါ်လာပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် အကျိုးရှိအောင် အသုံးချရမည်ဖြစ်ပါ ကြောင်း၊ ဗဟန်းမြို့နယ်အတွင်းမှာရှိသည့် ပြည်သူများနှင့် ရန်ကုန်မြို့အတွင်းရှိ ပြည်သူများအားလုံး Community Centre တွင် လာရောက်စုရုံးကာ မိမိတို့၏ရပ်ရွာဒေသ အကျိုးအားလုံး ဆွေးနွေးတိုင်ပင်စရာနေရာတစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။
 
မိမိတို့နိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလကို ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ကာလ ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ နိုင်မည့်နေရာများကို ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ယခုကဲ့သို့ Community Centre တွေကိုလည်း မရှိမဖြစ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့အစိုးရ တာဝန်ယူခဲ့သည်မှာ သုံးနှစ်နှင့် ဆယ်လတာကာလကို ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ထိုကာလကို ရောက်ရှိလာ သည်နှင့်အမျှ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့မှု ပိုမိုအားကောင်း လာပါကြောင်း၊ ယခုကဲ့သို့ Community Centre ပေါ်ပေါက် လာခြင်းအားဖြင့် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီရင့်ကျက်ရေးတွင် Community Centre များ သည် အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုအနေဖြင့် မရှိမဖြစ် လိုအပ်နေပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် Commu-nity Centre ကြီးသည် လူထုအတွက် အကျိုးပြုနိုင်သည့် ဒီမိုကရေစီထူထောင်ရေးအတွက် အခိုင်အမာအုတ်မြစ် တစ်ခုလိုဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးကို ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူထုအခြေပြုဗဟိုဌာန (ဗဟန်း) အဆောက်အဦဒီဇိုင်းရေးဆွဲ ပေးသော မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်းအတွက် ဥက္ကဋ္ဌ ဦးမော်လင်းအားလည်းကောင်း၊ ကွန်ပျူတာနှင့် စက် ကိရိယာပစ္စည်းများ၊ ပရိဘောဂများ လှူဒါန်းပေးသော Yangon Petrol ကုမ္ပဏီမှ မန်နေဂျာ ဒေါ်ကေသီညွန့်အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
 
ထို့နောက် "လူထုအခြေပြုဗဟိုဌာန (Community Centre) များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ" ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်၍ MRTV-4 အစီအစဉ်များတွင် ပါဝင်ကြသည့် သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က လည်းကောင်း၊ အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကိုနှင့် မရတနာတို့ကလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
 
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးစိုက်ရာ မြို့ကြီးများနှင့် အခြားမြို့များတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၁၆ ခုကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
 
၁၇ ခုမြောက် လူထုအခြေပြုဗဟိုဌာန
 
ယနေ့ဖွင့်လှစ်သည့် ရန်ကုန်တိုင်းဒေသကြီး လူထု အခြေပြုဗဟိုဌာန(ဗဟန်း)သည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပထမဦးဆုံးဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာနဖြစ်သလို ၁၇ ခုမြောက် လူထုအခြေပြုဗဟိုဌာနလည်း ဖြစ်သည်။ အဆိုပါလူထုအခြေပြုဗဟိုဌာန(ဗဟန်း)ကို နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေကျပ် ၄၈၄ ဒသမ ၁ သန်း အကုန်ကျခံကာ နိုင်ငံတကာအဆင့်မီ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
ဆက်လက်၍ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဒုတိယမြောက် လူထုအခြေပြု ဗဟိုဌာနကို ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဆောက်လုပ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခရိုင်နှင့် မြို့နယ်ရုံးပေါင်း ၄၁၇ ရုံးရှိရာ အဆိုပါရုံးများကို ခေတ်မီသည့် အဆောက် အဦများအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်း မရှိသေးသော်လည်း လူထုအခြေပြုဗဟိုဌာနများအဖြစ် လုပ်နိုင်သမျှ၊ တတ်စွမ်း သမျှဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
 
သတင်းစဉ်