
မကွေး ဩဂုတ် ၁၆
သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၄-၂၀၂၅ ပညာသင် နှစ် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာ (အချိန်ပိုင်း)သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက်က အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်အကိုင်အခွင့်အလမ်းရရှိ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ အခြေခံစာရင်း ရေး စာရင်းကိုင်နှင့် ကွန်ပျူတာဘာသာရပ်များကို သင်ကြားပို့ချခြင်းဖြင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန်၊ ရုံးဌာနအသီးသီးမှ ဝန်ထမ်းများ ရုံးလုပ်ငန်း များအတွက် အထောက်အကူပြုစေရန်နှင့် ဒေသ အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာရင်းရေး၊ စာရင်းကိုင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုပညာရပ်များ တတ်မြောက်ခြင်းဖြင့် ပြည်တွင်း ပြည်ပ အလုပ် အကိုင်အခွင့်အလမ်းရရှိပြီး တိုးတက်အောင်မြင် လျက်ရှိသည်ကိုလည်း တွေ့မြင်ရကြောင်း၊ သင်တန်း သားများအနေဖြင့် သင်တန်းကပို့ချပေးမည့် ပညာရပ် များကို အလေးထားသင်ယူပြီး သင်တန်းချိန် မှန်မှန်တက်ရောက်၍ ဆရာ ဆရာမများ၏ သင်ကြားပေးမှုများကို ဂရုတစိုက် လေ့လာ မှတ်သားကြစေလိုကြောင်းနှင့် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ကြစေလိုကြောင်း ပြောကြားသည်။
သင်ကြားပို့ချပေးမည်
ထို့နောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်း အုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ အခြေခံစာရင်းရေး၊ စာရင်း ကိုင်သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၁ ဦးအား အခြေခံစာရင်းရေးသွင်းခြင်းပညာ၊ လယ်ဂျာ စာရင်းနှင့် နှစ်ဖက်သွင်းစာရင်းရေးသွင်းနည်းစနစ်၊ မတည်အသုံးစရိတ်နှင့် သာမန်အသုံးစရိတ် ဘဏ္ဍာ ရေးရှင်းတမ်းရေးဆွဲခြင်း၊ စာရင်းအမှားပြင်နည်း စနစ်များ၊ ဘဏ်ကိုက်ညှိရှင်းတမ်း စသည်တို့ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိလည်း ကောင်း၊ ကွန်ပျူတာသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၄ ဦးအား ကွန်ပျူတာပညာမိတ်ဆက်၊ စာစီစာရိုက်၊ ဖော်မြူလာများဖြင့် စာရင်းဇယား ရေးဆွဲခြင်း၊ ရုပ်ပုံကားချပ်များဖြင့် တင်ပြခြင်း၊ ကွန်ပျူတာကွန်ရက်နှင့် အီးမေးလ်ဖြင့် သတင်း အချက်အလက်ပေးပို့ခြင်း စသည်တို့ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် လည်းကောင်း သင်တန်းနည်းပြများက ဩဂုတ် ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ နှစ်လကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ