ပြည်ပနိုင်ငံသို့ တရားမဝင်သွားရောက်သူအများစုမှာ အဆင်မပြေမှု ကြုံတွေ့နေရသည့်အတွက် တရားဝင်လမ်းကြောင်းမှသာ သွားရောက်ကြရန်လို

 

ရန်ကုန်   ဩဂုတ်   ၂၀
ပြည်တွင်းစက်ရုံလုပ်ငန်းခွင်တွင်    အလုပ်ဝင်နေရာမှ    ပြည်ပသို့ တရားမဝင် သွားရောက်ကြရာ အများစုမှာ အဆင်မပြေမှု ကြုံတွေ့ရ သည်ဟု သိရသည့်အတွက် တရားဝင်လမ်းကြောင်းမှသာ သွားရောက် ကြစေလိုကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ က တိုက်တွန်းပြောဆိုသည်။
စက်မှုဇုန်လုပ်သားများအနေဖြင့်    ထိုင်းနိုင်ငံ၊   တရုတ်နိုင်ငံ တို့သို့    တရားမဝင်လမ်းကြောင်းများမှ     သွားရောက်နေကြပြီး ချိတ်ဆက်သွားသည့်    အခြေအနေအပေါ်မူတည်ပြီး    အလုပ်ရသူ အချို့ရှိသော်လည်း   အများစုမှာ    အဆင်မပြေမှုများကြုံတွေ့ရကာ အချို့မှာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများလည်း ရှိနေခြင်း ဖြစ်သည်။
“တရားမဝင်လမ်းကြောင်းတွေက     အခုဆိုရင်လည်း   တရုတ် နိုင်ငံဘက်ကိုထွက်ကြတယ်။  ကျွန်မတို့ပြောလည်း   တရားမဝင်နဲ့ သွားနေတာက   မသေချာဘူး။   အဲဒီကိုရောက်နေတဲ့    သူတွေက ပြန်ခေါ်တာ။ အဲဒီလိုထွက်သွားတဲ့ထဲမှာဆိုရင် ၁၀ ယောက်လောက် ထွက်သွားတာ၊ နှစ်ယောက်လောက်ပဲ ဟိုမှာအဆင်ပြေတယ်။ ကျန်တဲ့ ခြောက်ယောက်က သွားလို့မရတာတို့၊ ဘာတို့ရှိတယ်။ ထိုင်းနိုင်ငံ ဘက်ဆိုရင်လည်း ဒီလိုပဲ။ ကျွန်မတို့က တရားဝင်လမ်းကြောင်းကနေ သွားဖို့  တွန်းအားပေးပေမယ့်  တရားမဝင်သွားကြတယ်။  အဲဒီအခါ အဆင်မပြေလို့ ပြန်လာကြတာမျိုးလည်းရှိတယ်။ သူတို့ရဲ့ ချိတ်ဆက် သွားတဲ့အခြေအနေအပေါ်မူတည်ပြီး  အလုပ်ရတာ၊   မရတာမျိုးလို့ ပဲထင်တယ်။ တချို့ ကျတော့လည်း ဟိုဘက်မှာလုံးဝအဆင်မပြေဘူး”ဟု အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြား သည်။
ပြည်ပသို့ ရောက်ရှိနေသူများနှင့် ပြည်တွင်းရှိ နေထိုင်သူများအနေ ဖြင့်လည်း  တရားဝင်လမ်းကြောင်းမှ သွားရောက်နိုင်ပါက အကောင်း ဆုံးဖြစ်ပြီး မိမိ၏ ရေရှည်အကျိုးအပြစ်ကိုသိရှိပြီး သွားရောက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“ပြည်ပသွားတဲ့သူတွေရော၊     ပြည်တွင်းမှာကျန်နေတဲ့သူရော ကိုယ်ရဲ့ရေရှည်ကိုတိုင်းထွာပြီး သွားတာက အကောင်းဆုံးပါ။ ကိုယ်က ဟိုဘက်မှာ   ဘယ်လောက်အထိ    အချိတ်အဆက်ရထားလဲ၊  ဘာမှ  မရထားဘဲ ဒီကလစာနည်းလို့သွားမယ်ဆိုတာမျိုးတော့   မဖြစ်သင့် ဘူးပေါ့။ ဟိုရောက်မှ ဒုက္ခဖြစ်နေကြတာရှိနေတော့လေ” ဟု ၎င်းက ရှင်းပြသည်။                                            

MT