ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Image not available
 
 
ရန်ကုန် ဖေဖော်ဝါရီ ၈
 
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
 
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ကြီးများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ ကမကထပြုပြီး ရုပ်ရှင်နှင့်ပတ်သက် သည့်ပညာရှင်များ၊ စိတ်ပါဝင်စားသူ များ အချိန်ပေးဆောင်ရွက်ထားကြသည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ယနေ့ ဖွင့်လှစ်လိုက်သည့်အတွက် ရုပ်ရှင် လောကသားများနည်းတူ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
 
သမိုင်းအစဉ်အလာ ထိန်းသိမ်း
 
ပြတိုက်ဆိုသည်မှာ လူတစ်ယောက် ချင်းစီ၏ သမိုင်း၊ ကိုယ့်တိုင်းပြည်၏ သမိုင်း စသည့်ကိစ္စရပ်များကို စုစည်းပြီး စနစ်တကျပြသထားခြင်းဖြစ်ရာ အလွန် စိတ်ဝင်စားဖွယ်ကောင်းပါကြောင်း၊ သမိုင်းအစဉ်အလာကို ထိန်းသိမ်းရာ၊ တန်ဖိုးထားရာလည်း ရောက်ပါကြောင်း၊ ကိုယ်တန်ဖိုးထားသကဲ့သို့ လာရောက် ကြည့်ရှုသူများအတွက်လည်း စိတ်ဝင် စားစရာ၊ တန်ဖိုးထားစရာဆိုသည့် စိတ်ခံစားမှုမျိုး ဖြစ်ပေါ်စေပါကြောင်း၊ မြို့နယ်တိုင်းတွင်ရှိသည့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နှင့် စာကြည့်တိုက်များတွင်လည်း ပြတိုက်ငယ်များထားရှိပြီး နေရာဒေသ အလိုက် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် အသုံးအဆောင်ပစ္စည်း များကို ပြသထားရှိပါကြောင်း၊ စာကြည့် တိုက်သို့ လာရောက်ကြသည့် လူငယ် များအနေဖြင့် ၎င်းပစ္စည်းများကို တန်ဖိုးထားရမည့် ပစ္စည်းများအဖြစ် သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း။
 
မိမိတို့တန်ဖိုးထားသည့် ပစ္စည်း၊ လက်ရာ၊ လုပ်ကိုင်ဆောင်ရွက်မှုအမှတ် သင်္ကေတများကို သိမ်းဆည်းပြီး ပြသ ခြင်းသည် အင်မတန်တန်ဖိုးရှိပါကြောင်း၊ ယင်းတို့ကို ကြည့်ရှုလေ့လာခြင်းဖြင့် ဗဟုသုတရရှိသကဲ့သို့ စိတ်ဓာတ်မြှင့်တင် ပေးသည်များလည်း ရှိပါကြောင်း၊ နိုင်ငံတကာတွင်လည်း သမိုင်းပြတိုက် များသည် ကိုယ့်လူမျိုးကိုယ့်ဒေသ တစ်ခုချင်းစီ၏ သမိုင်းနှင့်တန်ဖိုးရှိသည့် အကြောင်းအရာများကို ထိန်းသိမ်း ပြသကြပါကြောင်း၊ အခြားသူများကို လည်း ထိန်းသိမ်းချင်သည့်စိတ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင် ပါကြောင်း၊ သင်ခန်းစာပေးသည့် သဘောမျိုးလည်း ရရှိပါကြောင်း၊ လေ့လာဆည်းပူးစရာ နေရာတစ်ခု လည်းဖြစ်ပါကြောင်း၊ သမိုင်းဝင်ပစ္စည်း များကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ် မွေးမြူပေးပါကြောင်း၊ စိတ်ဓာတ်တက်ကြွလာအောင်လည်း လုပ်နိုင်ပါကြောင်း။
 
ခင်းကျင်းပြသထား
 
ယနေ့ဖွင့်လှစ်သည့် ရုပ်ရှင်သမိုင်း ပြတိုက်တွင် လွန်ခဲ့သည့် နှစ် ၁၀၀ က မြန်မာ့ရုပ်ရှင်လောကကို ထူထောင် လာခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၊ မြန်မာ့ ရုပ်ရှင်လောကတွင် ထင်ထင်ရှားရှား ပြောင်ပြောင်မြောက်မြောက် ဖန်တီးခဲ့ ကြသည့်ပုဂ္ဂိုလ်များ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ဓာတ်ပုံပညာရှင်များ ပေါ်ထွန်းခဲ့မှုကို ခင်းကျင်းပြသထား သည်ဟု သိရှိရပါကြောင်း၊ သူ့ခေတ် သူ့ကာလအလိုက် အမြင့်မားဆုံး လုပ်ဆောင်ခဲ့မှုကို ပြသထားနိုင်သည် ဟုမြင်ပါကြောင်း၊ ထို့ကြောင့် ယင်းပြတိုက်ကို ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့ ရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ ဥက္ကဋ္ဌနှင့်တကွ အမှုဆောင်များ၊ ပညာ ရှင်များ၊ လိုအပ်သည့်ရန်ပုံငွေများ ကူညီပံ့ပိုးပေးကြသူများအားလုံးကို လေးစားချီးကျူးပါကြောင်း၊ ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
 
ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာ့ ရုပ်ရှင်အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်သည် ရုပ်ရှင် နှစ် ၁၀၀ ပြည့်နှစ် ဖြစ်ပါကြောင်း၊ နှစ် ၁၀၀ ပြည့် နှစ်တွင် မြန်မာ့ရုပ်ရှင်နှင့်ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများကို စနစ်တကျ ပြသနိုင်ရန်အတွက် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်တစ်ခုကို အောင်အောင် မြင်မြင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မင်္ဂလာရှိပါကြောင်း၊ ရန်ကုန်မြို့၌ ရုပ်ရှင်နှင့်ပတ်သက်ပြီး သမိုင်းပြတိုက် တစ်ခုရှိလာပြီဆိုသည့်အခြေအနေအား ပြည်သူများကြားတွင် ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လိုအပ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် ခရီးသွား ကဏ္ဍတွင် မိမိတို့၏အမွေအနှစ်များကို မပြသနိုင်သေးခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့တွင် ပြသစရာများ၊ စိတ်ဝင်စား စရာများ အများကြီးရှိပါကြောင်း၊ သို့သော် မိမိတို့အမွေအနှစ်များကို မပြသထားနိုင်သည့်အတွက် ယင်း နေရာများကို လာရောက်ကြည့်ရှုရန် မသိရှိကြသည့် အခြေအနေတစ်ခု ဖြစ်ပါကြောင်း။
 
ပြတိုက်တစ်ခုဖွင့်ပြီဆိုလျှင် ယင်း ပြတိုက်ကို စဉ်ဆက်မပြတ် ရှင်သန် နေအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ယင်းပြတိုက်ကို အားလုံးလာနိုင်အောင် စီမံဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုနိုင် မည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကြီး တစ်ခုကို ပြည်သူများကြားတွင် အမှတ်တရထင်ကျန်ခဲ့ရန် ကြိုးစား ကြဖို့လိုအပ်မည်ဟု ယူဆပါ ကြောင်း။
 
ဆက်လက်ကြိုးပမ်းဆောင်ရွက်
 
နောက်တစ်ချက်က အဆောက်အဦ ဖြစ်ပါကြောင်း၊ အဆောက်အဦမှာ သမိုင်းအမွေအနှစ်အဖြစ် ဆက်လက် ထိန်းသိမ်းနိုင်မည့် အခြေအနေတစ်ခု ကိုပြသနေသည့် အခြေအနေတစ်ခု ဖြစ်ပါကြောင်း၊ ယင်းအဆောက်အဦကို မိမိတို့က မြို့ပြအမွေအနှစ်ပုံစံဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြတိုက် ကြီးကို ရေရှည်တည်တံ့ခိုင်မြဲပြီး မြန်မာ နိုင်ငံ၏ ခရီးသွားကဏ္ဍ နိုင်ငံတကာမှ လာရောက်သည့်သူများ လေ့လာနိုင် သည့်ပြတိုက်တစ်ခုဖြစ်အောင်၊ ရန်ကုန် ၏ အမှတ်သင်္ကေတတစ်ခုအနေဖြင့် လာရောက်လည်ပတ်သည့်သူများ သွားရောက်ကြည့်ရှုစရာ နေရာတစ်ခု ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် လည်း တိုင်းဒေသကြီးအစိုးရဘက်မှ မည်သို့ပံ့ပိုးကူညီပေးနိုင်မည်ကို စဉ်းစား မည်ဖြစ်ပါကြောင်း။
 
သမိုင်းအမွေအနှစ်တစ်ခု
 
ယနေ့သမိုင်းအမွေအနှစ်တစ်ခုကို ပြည်သူများအား ပြသနိုင်ရန် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြတိုက် ကြီးအတွက် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်ပေးကြသည့် သူများ အားလုံးကို အထူးပင်ကျေးဇူးတင်ပါ ကြောင်း၊ နှစ် ၁၀၀ ဖြတ်သန်းခဲ့သည့် ရုပ်ရှင်နယ်ပယ်မှ ပေးဆပ်သွားကြ သည့်သူများ၊ ကြိုးပမ်းခဲ့ကြသူများကို ဦးညွှတ်ဂုဏ်ပြုပါကြောင်း ပြောကြား သည်။
 
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် က မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
 
ယင်းနောက် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရုပ်ရှင် အစည်းအရုံးနာယကကြီးများဖြစ်ကြ သည့် အကယ်ဒမီဒေါ်မြင့်မြင့်ခင်နှင့် ဒါရိုက်တာ ဦးအောင်မြင့်မြတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
 
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲ အခမ်းအနားမစတင်မီ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနား ကျင်းပနိုင် ရန်အတွက် မဟာနှင့် Bella ကုမ္ပဏီက အလှူငွေကျပ် သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းသည်။
 
တက်ရောက်
 
အဆိုပါအခမ်းအနားနှင့် မြန်မာ့ ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်ပွဲအခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်ရှင်လောကသားများ၊ ဖိတ်ကြားထား သူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ကို ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာမှ ယခုအခါ ပြတိုက်အဆောက်အဦအား အကြီးစားပြင်ဆင်မွမ်းမံခဲ့ပြီး ငွေရတု ပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတုပြခန်း၊ ရာပြည့်ပြခန်း၊ ရုပ်ရှင်စက်မှုပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်းတို့အပြင် ရုပ်ရှင် အထောက်အကူပြုပြခန်းနှင့် ကာတွန်း ရုပ်ရှင်ပြခန်းတို့ဖြင့် စုဖွဲ့ပြင်ဆင်ကာ စနေနေ့၊ တနင်္ဂနွေနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
 
သတင်းစဉ်