ရေကြီးမှုနောက်ဆက်တွဲရောဂါများ ကျန်းမာရေးသတိဖြင့် ရှောင်ရှား

Type
ရေကြီးမှုနောက်ဆက်တွဲရောဂါများ ကျန်းမာရေးသတိဖြင့် ရှောင်ရှား

သီဟစည်သူ

အခုလတ်တလော မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နေပြည်တော်အပါအဝင် အချို့နေရာမှာတော့ ရေတွေပြန်ကျသွားပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရေကြီးမှုရဲ့ နောက်ဆက်တွဲ ရောဂါဘယတွေ

ရေကြီးမှုတွေဖြစ်ပွားပြီး ရေပြန်ကျသွားချိန်မှာ အထူးသတိပြုရမှာကတော့ ရေကြီးမှုရဲ့ နောက်ဆက်တွဲရောဂါဘယတွေပဲ ဖြစ်ပါတယ်။ ရေကြီးချိန်မှာ နေအိမ်တွေအတွင်း ရေဝင်တာ၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းတွေ၊ မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်တဲ့အတွက် တင်ကျန်နေတဲ့ ခြင်၊ ယင်၊ ပိုးမွှားအင်းဆက်တွေကြောင့် ရေကြီးပြီးတဲ့နောက်မှာ ခြင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များလေ့ရှိတတ်ပါတယ်။ ဒါ့အပြင် အင်း၊ အိုင်တွေ၊ ရေတွင်း ရေကန်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေဝင်တာကြောင့် အဲဒီလို မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အူယောင်ငန်းဖျား၊ တိုက်ဖွိုက်၊ အသည်းရောင်အသားဝါ၊ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်တတ်ကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာရှင်တွေက သတိပေးထားပါတယ်။ ဒါတွေကတော့ ရုပ်ပိုင်းဆိုင်ရာ (Physical) အားဖြင့် ဖြစ်ပွားတတ်တဲ့ ရောဂါဘယတွေဖြစ်ပြီးတော့ ရေဘေးအတွင်းမှာ ဆွေမျိုးမိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ မိမိပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံနဲ့ ဥစ္စာပစ္စည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးတာကြောင့် ဖြစ်ပေါ်တတ်တဲ့ စိုးရိမ်စိတ်များခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆိုတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ (Mental Health Problems)ကိုလည်း နာတာရှည် ခံစားရတတ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခု

အထူးအားဖြင့်တော့ ပြည်ထောင်စုနယ်မြေ နေပြည်တော်က ရေဘေးသင့်ကျေးရွာတွေရဲ့ နေရာတော်တော်များများနဲ့ မြစ်နားကမ်းနားတွေမှာ ရေတွေပြန်ကျသွားပြီးတဲ့နောက် အမှိုက်သရိုက်တွေနဲ့အတူ ကျွဲ၊ နွား တိရစ္ဆာန် အသေတွေ၊ အိမ်မွေးတိရစ္ဆာန် အသေကောင်တွေ တင်ကျန်ရစ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒီလိုမျိုးတိရစ္ဆာန်အသေတွေကို အချိန်မီရှင်းလင်းသုတ်သင်တာ၊ မြေမြှုပ်တာတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီလိုတိရစ္ဆာန်အသေတွေကနေ ပုပ်ပွလာပြီးတဲ့နောက် ပိုးမွှားအင်းဆက်တွေ၊ ကြွက်တွေ၊ ယင်ကောင်တွေရောက်လာပြီး ရောဂါကိုအလွယ်တကူ သယ်ဆောင်ပြန့်ပွားစေနိုင်တာကြောင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာမှာ အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ ပိုးမွှားအင်းဆက်တွေကြောင့် လူတွေဆီကို ရောဂါကူးစက်တာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ရေကြီးပြီးနောက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေထဲကနေ ကျန်းမာရေးဝန်ကြီးဌာနကနေ အဖြစ်များတတ်တဲ့ ရောဂါအချို့အကြောင်းကို ဖော်ပြရရင်-

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဝမ်းရောဂါဖြစ်ပွားစေတဲ့ ကာလဝမ်းရောဂါပိုး (Vibrio cholerae) ကဲ့သို့သော ရောဂါပိုးများပါရှိတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ ကာလဝမ်းရောဂါပိုးဟာ ရောဂါဖြစ်သူထံကနေ စွန့်ပစ်လိုက်သော မစင်၊ အန်ဖတ်တွေမှာ ပါဝင်ပါတယ်။ ဝမ်းလျှောရောဂါ ပြင်းထန်တဲ့အခါ ခန္ဓာကိုယ်အတွင်းကနေ ရေနဲ့ဓာတ်ဆားတွေ လျင်မြန်စွာ ကုန်ခန်းသွားတာကြောင့် အရည်ခန်းခြောက်ခြင်းကို ဖြစ်စေပါတယ်။ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူခြင်းမရှိရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတာ၊ ယင်နားစာတွေနဲ့ မသန့်ရှင်းသော အစားအစာတွေ စားသုံးမိတာ၊ အိမ်သာတက်ပြီး လက်ကိုစနစ်တကျမဆေးတာ၊ အစာမစားမီလက်ကို စင်ကြယ်စွာ မဆေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှု အားနည်းတာနဲ့ အိမ်ပတ်ဝန်းကျင်သန့်ရှင်းမှု နည်းပါးတာ၊ သန့်ရှင်းမှုမရှိတာတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျား အကိုက်ခံရခြင်းကတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်ပါတယ်။ ခြင်ကျားများဟာ ရေကြည်ရေသန့်မှာ အဓိကပေါက်ပွားကြပြီး အများအားဖြင့် နေ့အခါမှာ လူများကို ကိုက်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာ ဒင်ဂီးအဖျားရောဂါ (Dengue Fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever)နဲ့ သွေးလန့်ခြင်း (Dengue Shock Syndrome) ဆိုပြီး အဆင့်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ၁၅ နှစ်အောက် အသက်အရွယ်တွေမှာ အများဆုံးဖြစ်ပွားတတ်ပေမယ့် အခုအခါမှာ အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါတယ်။ တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး မိုးရာသီမှာ အဖြစ်အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။

ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ အနော်ဖိလိခြင် (Anopheles) ကိုက်ခြင်းကတစ်ဆင့် ကူးစက်ပြီး ငှက်ဖျားကပ်ပါးပိုး ပလက်စ်မိုဒီယမ်ကြောင့် ဖြစ်ပွားတတ်တဲ့ အဖျားရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူမှာဖြစ်တဲ့ ပလတ်စ်မိုဒီယမ်ကပ်ပါးပိုးလေးမျိုးရှိပြီး ဒီထဲကမှ ဖယ်လ်ဆီပါရမ်ပိုးဟာ ပြင်းထန်ငှက်ဖျားရောဂါအဆင့်သို့ ရောက်ရှိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်တွေဟာ အဓိကအားဖြင့် ညအခါ ကိုက်လေ့ရှိသော်လည်း ဘယ်အချိန်၊ ဘယ်နေရာမဆို ခြင်ထောင်နဲ့ အိပ်ခြင်း၊ (အထူး သဖြင့် ဆေးစိမ်ခြင်ထောင်နဲ့အိပ်ခြင်း) ခြင်ကိုက်ခံရခြင်းကနေ ကင်းဝေးဖို့ အဝတ်အစားလုံလုံခြုံခြုံ ဝတ်တာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ အဝတ်အစား အကာအကွယ်မရှိတဲ့ ခြေ၊ လက်တွေကို ခြင်မကိုက်စေတဲ့ ဆေးလိမ်းတာ၊ အိမ်အနီးခြင်ခိုအောင်းနိုင်တဲ့ ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းတာ၊ ရပ်ကွက်ကျေးရွာအနီးမှာရှိတဲ့ စိမ့်၊ စမ်း၊ ချောင်းများကို ခြင်မပေါက်ပွားစေဖို့၊ ရေစီးရေလာကောင်းအောင် လူထုအားနဲ့ ဆောင်ရွက်တာ၊ ပိုးလောက်လန်းစားငါးတွေကို ရေတွင်းရေကန်တွေမှာ ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါကူးစက်မှုကို ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟာ ဗက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပွားပြီး တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားရင် လူအများအပြား အသက်ဆုံးရှုံးနိုင်ပါတယ်။ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါလက္ခဏာတွေဟာ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ လက္ခဏာတွေနဲ့ ရောထွေးမှားယွင်းတတ်တာကြောင့် ဓာတ်ခွဲစစ်ဆေးအတည်ပြုဖို့ လိုအပ်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ အိမ်မွေးတိရစ္ဆာန်တွေအပါအဝင် အခြားတိရစ္ဆာန်တွေ (ကြွက်၊ နွား၊ ဝက်၊ ခွေး၊ မြင်း၊ ကျွဲ၊ သိုး၊ ဆိတ် စသည်တို့ရဲ့ ကျင်ငယ်ရည်ကို ထိတွေ့ကိုင်တွယ်မိခြင်းကတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် လယ်ယာလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေမှာ အဖြစ်များပါတယ်။ မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန်ကာလတွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

ထောင့်သန်းရောဂါ (Anthrax)

ထောင့်သန်းရောဂါဟာ ဗက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ (နွား၊ မြင်း၊ ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်) မှတစ်ဆင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းများအတွင်းကို ကူးစက်နိုင်ပါတယ်။ ထောင့်သန်းရောဂါပိုး၏ Spore တွေရှိတဲ့ မြေကြီးနှင့်ပစ္စည်းများမှတစ်ဆင့် ရောဂါပိုးတွေက နှစ်ပေါင်းများစွာ ကူးစက်စေနိုင်ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာဖြစ်ပွားမှု သုံးမျိုးရှိပြီး အရေပြားထောင့်သန်းရောဂါသည် အဖြစ်ပိုများတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ အရေပြားမှာဖြစ်တဲ့ ထောင့်သန်းရောဂါတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ပထမဦးစွာ အရေပြားယားယံပြီး အရည်ကြည်ဖုကလေးများပေါ်တာ၊ အဖုပတ်လည်မှာ ရောင်ရမ်းနီရဲလာပြီး ပြည်အနည်းငယ်တည်လာတာ၊ တစ်ပတ်ခန့်အကြာမှာ အနာဖေး အမည်းရောင်တက်လာပြီ ပုပ်သွားသောအနာ ဖြစ်ပွားတတ်ပါတယ်။ အနာတွေကို အခြားရောဂါပိုးတွေ ဝင်လာနိုင်ပြီး သွေးဆိပ်တက်ခြင်းဖြစ်နိုင်ကြောင်း သိရပါတယ်။

အဆုတ်မှာဖြစ်တဲ့ ထောင့်သန်းရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဝင်ရောက်တဲ့အခါ ရင်ဘတ်အောင့်တာ၊ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်းမှာဖြစ်တဲ့ ထောင့်သန်းရောဂါမှာတော့ ရောဂါပိုးကူးစက်ထားတဲ့ အသားတွေကို စားသုံးတာကြောင့် ဗိုက်အောင့်တာ၊ အန်တာ၊ သွေးဝမ်းသွားတာတွေ ဖြစ်ပွားတတ်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို စားသုံးခြင်းမပြုဘဲ မြေမြှုပ်ခြင်း၊ တိရစ္ဆာန်သားရေကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ တိရစ္ဆာန်တွေနဲ့ အသားစိမ်းများကို ထိတွေ့ကိုင်တွယ်သူတွေအနေနဲ့ နှာခေါင်းစည်း၊ လက်အိတ်တွေဝတ်ဆင်ခြင်းဖြင့် ထောင့်သန်းရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင် ဘဝတစ်ခွင်

ဒါကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးတဲ့နောက် ဘေးအန္တရာယ်တွေ၊ ကူးစက်ရောဂါအန္တရာယ်တွေ ထိခိုက်ခံစားရမှုမရှိစေဖို့အတွက် ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ဝတ်စားဆင်ယင်ပါ။ ရေမျောစာတွေ၊ အမှည့်လွန်အစာတွေ၊ ယင်နားစာတွေ မစားပါနဲ့။ အစားအစာတွေ ယင်မနားစေအောင် ဖုံးအုပ်ထားပါ။ ရေသန့်ဆေးထုတ် ကလိုရင်းဆေးခတ်ထားသော ရေ (သို့မဟုတ်) ကျိုချက်ထားသောရေ (သို့မဟုတ်) သောက်သုံးပါ၊ ယုံကြည်စိတ်ချရသော ရေသန့်ကိုသာ သောက်သုံးပါ။ ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ၊ အညစ်အကြေးကိုင်တွယ်ပြီးတိုင်း အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ အမှိုက်တွေကို မြေမြှုပ်တာ၊ မီးရှို့တာ၊ အမှိုက်ပုံကို ထုံးဖြူးတာတွေ လုပ်ဆောင်ပြီး စနစ်တကျစွန့်ပစ်ပါ။ ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။ ဘယ်အချိန်တွင်မဆို ခြင်ထောင်နဲ့ အိပ်စက်ပါ။ ပိုးလောက်လမ်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပါ။ မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်တွေကို ဂရုပြုပါ။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှု စတဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ရင် နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ထမ်းထံတွင် အချိန်မီသွားရောက်ပြသပြီး ဆေးကူသမှုခံယူတာတွေကို ဆောင်ရွက်သင့်ပါတယ်။

အာရောဂျံပရမံ လာဘံ- ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုပါတယ်။ ရေကြီးမှုတွေ ဖြစ်ပေါ်တာကြောင့် ဆုံးရှုံးနစ်နာမှုတွေ၊ စိတ်မကောင်းဖြစ်စရာတွေကို တော်တော်များများ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့ အားလုံးဆုံးရှုံးသွားတာတော့ မဟုတ်သေးပါဘူး အသက်ရှင်နေပါသေးတယ်။ ကျန်းမာနေရင်ဆုံးရှုံးသွားတဲ့ ဥစ္စာပစ္စည်းတွေကို ပြန်ရှာဖွေနိုင်ပါသေးတယ်။ ဒါကြောင့် ရေဘေးကနေ ဘေးမသီရန်မခလွတ်မြောက်လာပေမယ့် ရေဘေးကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ရောဂါဘယတွေ မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အထူးဂရုပြုနေထိုင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ။

ကိုးကား -

(၁) လူတိုင်း အိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးဝန်ကြီးဌာန။

(၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) ထုတ်ပြန်ချက်များ။