
ရန်ကုန် ဖေဖော်ဝါရီ ၇
ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ် ကိုင်ဆောင်ထားသော ကိုးပေအမြင့်ရှိ ဗိုလ်ချုပ်ကြေးရုပ်အား ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်ရန် ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
ပင်လုံစာချုပ် ကိုင်ဆောင်ထား သော ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်း ရုပ်တုမှာ ကြေးပိဿာချိန် ၃၃၅ပိဿာ ရှိပြီး အမြင့် ကိုးပေတွင် အောက်ခံခုံ ခြောက်လက်မ စုစုပေါင်း ကိုးပေ ခြောက်လက်မရှိသည်။ ဘီအိုစီလမ်းဆုံ အနီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ၁၃ ပေ အမြင့်ရှိသော ပင်လုံငြိမ်းချမ်းရေး စာချုပ် ကိုင်ဆောင်ထားသည့် ဗိုလ်ချုပ် ကြေးရုပ်အောက်ခံခုံကို တည်ဆောက် ပြီးဖြစ်သည်။
ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့် က “ ပြည်သူလူထုလှူဒါန်းမှုနဲ့ သွန်း လုပ်ခဲ့တာသိန်း ၁၃၀ ကုန်ကျပါတယ်။ ပင်လုံစာချုပ်ကိုင်ရုပ်တုကို သွန်းလုပ် ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ ပင်လုံစာချုပ် ကိုင်ဆောင်တဲ့ ကြေး သွန်းရုပ်ရှားတယ်။ ဗိုလ်ချုပ်လိုပုဂ္ဂိုလ် မျိုးရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျင့် တရားကိုအနာဂတ်လူငယ်တွေရင်ထဲကိန်းအောင်းပြီး အစဉ်သတိရအတုယူ တတ်ဖို့ ဗိုလ်ချုပ်ကြေးသွန်းရုပ်သွန်းလုပ်ဖြစ်တာပါ”ဟု ပြောကြားသည်။
ဗိုလ်ချုပ်ကြေးသွန်း ရုပ်တုကို လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အထိ လှည့်လည်ပြသ လျက်ရှိပြီး ၁၁ ရက်တွင် ပန်းခြံအတွင်း ထားရှိမည်ဖြစ်ရာ ဖေဖော်ဝါရီ ၁၃ ရက် တွင် ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သစ္စာ