ငြိမ်းချမ်းသာယာသည့်တိုင်းပြည် ညီညွတ်သည့်လူ့အဖွဲ့အစည်း

 

 

ငြိမ်းချမ်းသာယာသည့်   တိုင်းပြည်ကို   အလိုရှိပါသည်ဟု လူတိုင်းက ဆိုကြလိမ့်မည်။ နေဝင်မီးငြိမ်း အထိတ်ထိတ် အလန့်လန့်နဲ့   သူ့ကို  ကိုယ်မယုံ၊   ကိုယ့်ကို  သူမယုံရသည့် အခြေအနေမျိုး၊     ခြံတံခါး   အိမ်တံခါး   အထပ်ထပ်ကို သော့ခတ်၍လုံအောင်ပိတ်ကာ ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းနေ ရသည့် အချိန်အခါမျိုးကို မည်သူမျှ လိုလားကြမည်လည်း မဟုတ်။ သို့ဆိုလျှင် ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို တညီတညွတ်တည်း     တည်ဆောက်ကြရန်     လိုအပ် လာသည်။   တစ်ယောက်တစ်လက်၊   တစ်တပ်တစ်အား လူတိုင်းပါဝင်၍   အားလုံးဝိုင်းဝန်း  တည်ဆောက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး   အကွဲကွဲအပြားပြား    အနီးနီး အဖုံဖုံ  ကိုယ့်အတွေးနှင့်ကိုယ်  တည်ဆောက်နေကြ၍မူ အောင်မြင်နိုင်မည်မဟုတ်။
ငြိမ်းချမ်းသည့် တိုင်းပြည်ဟူသည် “ခေမဋ္ဌိတာ ဇနပဒါ” ဒေသအားလုံး    ငြိမ်းချမ်းရေး  အခိုင်အမာရရှိထားခြင်း၊ “အကဏ္ဋကာ” သူပုန်သူကန် ရန်ငြိုးရန်ညှောင့်ကင်းခြင်း၊ “အနုပ္ပီဠာ”    ညှဉ်းဆဲနှိပ်စက်    ဖမ်းဆီးသတ်ဖြတ်မှုတို့ ကင်းခြင်း၊    “မနုဿာ မုဒါ မောဒမာနာ”   ပြည်သူများ ဝမ်းပန်းတသာပျော်ရွှင်နေကြခြင်း၊ “ဥရေ  ပုတ္တေ နစ္စေန္တာ” မိဘတို့၏ ရင်ဘတ်ပေါ်တွင် သားငယ်သမီးငယ်တို့ ပျော်မြူး လျက် (သာယာဝပြောမှုကို ဖော်ကျူး) နေခြင်း၊ “အပါရုတ ဃရာ” အိမ်တိုင်းအိမ်တိုင်းတွင် တံခါးတို့ကို ဖွင့်ထားခြင်း (သော့ခတ်မထား၊ ပိတ်မထားဘဲ သူခိုးသူဝှက်တို့ ကင်းဝေး ၍ လုံခြုံစိတ်ချစွာ နေထိုင်ကြရခြင်း) စသည်တို့နှင့် ပြည့်စုံ သည့်   တိုင်းပြည်ဖြစ်ကြောင်း  ကူဋဒန္တသုတ်တွင်   ပြဆို ထားသည်။
စင်စစ်ငြိမ်းချမ်းသည့် တိုင်းပြည်ဟူသည် ညီညွတ်သော လူ့အဖွဲ့အစည်းရှိမှသာ   ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည်။ ညီညွတ်သည့် လူ့အဖွဲ့အစည်းဟူသည် “သမဂ္ဂါ” အတူသွား၊ အတူနေ၊ အတူလုပ်ညီညွတ်ကြသည်။ “သမ္မောဒမာနာ” စည်းလုံးကြသည်။ ပေါင်းစည်းကြသည်။ “အဝိဝါဒမာနာ” အငြင်းအခုံတို့  ကင်းရှင်းကြသည်။ “ခီရောဒကီဘူတာ” ကွဲပြားခြားနားမှုတို့ မပေါ်ပေါက်၊ “ အညမညံ ပီယစက္ခူဟိ သမ္ပဿန္တာ”     တစ်ဦးနှင့်တစ်ဦး   ချစ်သောမျက်စိဖြင့် ကြည့်ကြသည်ဟု ပိဋကတ်တော်၌ လာရှိသည်။
မညီညွတ်သည့်  လူ့အဖွဲ့အစည်းတစ်ခု ညီညွတ်ရေး ပျက်ပြားသည့်အခြေအနေတွင် “ဘဏ္ဍနဇာတာ” ငြင်းခုံ ကြခြင်း၊  “ကလဟဇာတာ”  ခိုက်ရန်  ဖြစ်ပွားကြခြင်း၊ “ဝိဝါဒပန္နာ” အယူဝါဒတို့ မတူကွဲပြားကြခြင်း၊ “အညမညံ မုခ သတ္တီဟိ ဝိတုဒန္တာ” တစ်ဦးနှင့်တစ်ဦး နှုတ်လှံထိုးကာ အထင်သေး၊ နာကြည်းစေသည့်စကားမျိုး ပြောဆိုကြခြင်း တို့ ဖြစ်ပေါ်လာကြသည်။
မျက်မှောက်ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်။ ဒီမိုကရေစီခေတ်ဖြစ်သည့်အလျောက် မတူကွဲပြားမှုများကို နားလည်လက်ခံကြရပြီး ညီညွတ်မှုကို ရယူတည်ဆောက် ကြရသည်။ မိမိတို့နှင့် အတွေးမတူ၊ အယူဝါဒမတူ၊ ယုံကြည် ချက်၊ မျှော်မှန်းချက်တို့မတူခြင်းကို ရန်ဘက်အဖြစ် ရှုမြင်၍ မရဘဲ အပြန်အလှန်လေးစားမှု၊  နားလည်မှုတို့ဖြင့်  မိမိ နိုင်ငံ၊ မိမိ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာမှုကို ကျရာ တာဝန်ထမ်းဆောင်ရင်း တည်ဆောက်ကြရမည်သာဖြစ် သည်ဟု အလေးအနက် ယုံကြည်ပါကြောင်း။         ။