အကုသိုလ်ရှောင်ရှား လောကအကျိုးဆောင်

သတ္တဝါတို့သည် မိမိတို့ပြုလုပ်သော ကောင်းကံ၊ ဆိုးကံအတိုင်းသာ စံကြရ၊ ခံကြရ သည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်းမရှိပေ။ မလွဲမသွေ ဧကန်မုချဖြစ်တတ်သော သဘောရှိ၍ “နိယာမတရား” ဟုခေါ်သည်။ ကံနှင့် ကံ၏အကျိုးတို့ကို ဖော်ဆောင် ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်လှသည်။ ကမ္မသဘောအရ မိမိ အမှုကို မိမိတာဝန်ယူရခြင်းသာလျှင် ဖြစ်သည်။ ဥပမာ- သူတစ်ပါးတို့အား စိတ်ဆင်းရဲအောင်၊ ထိခိုက်နစ်နာအောင်၊ တဏှာ ရာဂ ကိလေသာတိုးပွားအောင် ပြုလုပ်သူသည် မျက်မှောက်ဘဝနှင့် တမလွန်ဘဝ တို့၌ မကောင်းကျိုးဆင်းရဲကို မုချခံစားရမည်ဖြစ်သည်။ အကုသိုလ်ကံဆိုသည်မှာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်းသဘော ရှိသည်။ မကောင်းမှုပြုသူ သည် တူသောအကျိုးကို ခံစားရမည်သာဖြစ်သည်။ သူတစ်ပါး အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်၊ လုယက် ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း စသည့်အမှုတို့သည် တရားဥပဒေကို ချိုးဖောက်သော ဒုစရိုက်အမှုတို့ ဖြစ်သည်။ ကုသိုလ်ကံဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း သဘောရှိသည်။ ကုသိုလ်ကောင်းမှု တစ်စုံတစ်ခုပြုလုပ်နေသောအချိန်၌ လောဘ၊ ဒေါသ၊ မာန၊ ဣဿာမစ္ဆရိယ စသော စိတ်၏ အညစ်အကြေး အပြစ်အနာအဆာများ မရှိသဖြင့် “အပြစ်မရှိ”ဟု ဆိုလိုသည်။ ကုသိုလ်ကောင်းမှု ပြုနေသောသူသည် ကောင်းသောအမှုကို ပြုနေရသည့်အတွက် ဤဘဝ၌လည်း ဝမ်းသာရွှင်ပျ ချမ်းသာ ရ၏။ တမလွန်ဘဝ၌လည်း ကောင်းသောအကျိုးကို ခံစားရသောကြောင့် ဝမ်းသာ ရွှင်ပျ ချမ်းသာရ၏။ သူတစ်ပါးတို့အား စိတ်ချမ်းသာအောင်၊ အကျိုးရှိအောင်၊ ကုသိုလ်တိုးပွားအောင် ရွက်ဆောင်ပေးသူသည် ယခုဘဝနှင့်တမလွန်ဘဝတို့၌ ကောင်းကျိုးချမ်းသာကို ဧကန်အမှန်ပင်ခံစားကြရ၏။ ဤအချက်တို့ကို ကိုယ်တွေ့ သဘောပေါက်ထားသူတိုင်း တရားတော်တို့က ညွှန်းဆိုဖော်ပြပေးထားသည့် ဆောင်စရာ၊ ရှောင်စရာများကို ဆောင်ရ၊ ရှောင်ကြရသည့်အတွက် အထူးတာဝန်မတက်သည့်အပြင် ပို၍ပင် လေးနက်တည်ကြည်လျက် လောကကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးများကို မလွဲမသွေရရှိကြ၏။ မကောင်းမှုဒုစရိုက်များ အားကြီးပြီး လူတို့ကိုယ်ကျင့်သီလများကို ဖောက်ပြား လာကြသောအခါတွင်ဖြစ်စေ၊ ကမ္မနိယာမအရ၊ လောကကြီး၏ သင်္ခါရသဘောတရား အရ ကပ်ကြီးသုံးပါးဖြစ်စေ၊ တစ်ပါး၊ နှစ်ပါးဖြစ်စေ ကြုံတွေ့နိုင်ကြ၏။ ဆုတ်ကပ် သဘောအရလည်း ကပ်ကြီးသုံးပါးနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။ ဆုတ်ကပ် သဘောသည် ကုသိုလ်ကံတရားပါးလျားလာပြီး အကုသိုလ်ကံတရား ကြီးထွားလာ ခြင်းဖြစ်သည်။ ပျက်စီးခြင်းဟူသော ကပ်သုံးပါး ဆိုက်ရောက်ရသည်မှာ သတ္တဝါတို့ လောဘတရားကြီးမားလွှမ်းမိုးလာသောအခါ ငတ်မွတ်ဘေးကပ် ဆိုက်ရောက်တတ် သည်။ သတ္တဝါတို့ ဒေါသတရား ကြီးမားလွှမ်းမိုးလာသောအခါ လက်နက်ဘေးကပ် ဆိုက်ရောက်လာတတ်သည်။ သတ္တဝါတို့ မောဟတရား ကြီးမားလွှမ်းမိုးလာသောအခါ ရောဂါဘေးကပ် ဆိုက်ရောက်လာတတ်သည်။ ထို့ကြောင့် လောကလူသားသတ္တဝါ တို့အနေဖြင့် အကုသိုလ်တရားများ ပါးလျားအောင် ကိုယ်ကျင့်သီလတို့ကို စောင့်ထိန်း အပ်ပေသည်။ ကုသိုလ်တရားများ တိုးပွားအောင် ကုသိုလ်ကောင်းမှု၊ သီလအစုစု တို့ကို ပြုလုပ်ကျင့်ကြံအားထုတ်အပ်ပေသည်။ တစ်ဦးချင်းကိုယ်စီကိုယ်စီ ကိုယ်ကျင့် သီလတို့ကို စောင့်ထိန်းပြီး လောကလူသားအားလုံးတို့သည် လောဘ၊ ဒေါသ၊ မောဟတရားများ ပါးလျားလာအောင် အားထုတ်ခြင်းဖြင့် ကပ်သုံးပါးမှ ကင်းလွတ် ငြိမ်းပြီး ငြိမ်းချမ်းသာယာဝပြောသော လောကကြီးဖြစ်အောင် ဆောင်ကြဉ်းကြရမည် ဖြစ်သည်။ သို့သော် လောကလူသားတို့သည် များသောအားဖြင့် မောဟအမှောင်ဖုံးလွှမ်း ကြသဖြင့် လောဘ၊ ဒေါသ၊ မောဟတရားများ ပါးလျားအောင် မဆောင်ကြဉ်းနိုင်ကြဘဲ အကုသိုလ်တရားများ၊ ဒုစရိုက်တရားများကို နေ့စဉ်နှင့်အမျှ သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ ပြုလုပ်မိကြလေသည်။ အကုသိုလ်အမှု၊ ဒုစရိုက်အမှုများသည် လူတစ်ဦးချင်းအကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသည့်အပြင် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုများကို ပျက်ပြားစေပြီး ပြည်သူတို့၏အကျိုး၊ နိုင်ငံတော်၏အကျိုး တို့ကို ဆုတ်ယုတ်ပျက်ပြားစေသည်။ ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေး၊ ပြည်သူတစ်ဦးချင်းအလိုက် စိတ်အေးချမ်းသာစေရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရေး၊ ပြည်ထောင်စုကြီး၊ လောကကြီး တည်တံ့ခိုင်မြဲစေရေး၊ တိုးတက်သာယာဝပြောစေရေးတို့ကို အလိုရှိကြသော ပြည်သူပြည်သားအပေါင်းတို့သည် ကိုယ်ကျင့်သီလ၊ မေတ္တာတရားများ တိုးပွားလာ အောင် ရွက်ဆောင်ကြပြီး လောကအကျိုးပျက်ပြားစေသည့် မင်းမဲ့စရိုက်များ၊ အကုသိုလ်အမှုများကို ရှောင်ရှားကြရမည်ဖြစ်ပါကြောင်း။ ။