ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ နှစ်ဦးအပါအဝင် လူနာကိုးဦးတို့အား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိ

 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ် နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
 
ပေးပို့စစ်ဆေးသွားမည်
 
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် အတွင်းမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ စတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂျယ်ခေါင်မြို့သို့ အလုပ်လုပ်ရန် သွားရောက် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၇ ရက်တွင် လပွတ္တာမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၈ ရက်မှစတင်၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရပြီး ၎င်း၏ဇနီးဖြစ်သူ အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည်လည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ အဖျား ရောဂါလက္ခဏာခံစားခဲ့ရသဖြင့် ၎င်းတို့နှစ်ဦး စလုံးမှ ပြင်စလူမြို့နယ်ခွဲဆေးရုံသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တွင် သွားရောက်ပြသခဲ့ရာ အဆိုပါ လူနာနှစ်ဦးကို ယင်းနေ့တွင်ပင် လပွတ္တာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက် ရှိပါသည်။ ၎င်းလူနာ နှစ်ဦးတွင် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ များ မတွေ့ရှိပါ။ အဆိုပါ လူနာနှစ်ဦးထံမှ ဓာတ်ခွဲ နမူနာများရယူထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး သွားမည်ဖြစ်သည်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မွန်တိန် မြို့နယ်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည့် သဲကုန်းမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ၂၀၂၀ ပြည့်နှစ် ဖေဖော် ဝါရီ ၁ ရက်မှစတင်၍ ဖျားနာခြင်း၊ လည်ချောင်း နာခြင်းနှင့် ချောင်ဆိုးခြင်းလက္ခဏာများ ခံစား ခဲ့ရသဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက် ညနေ ၆ နာရီတွင် သဲကုန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ လူနာအား ၎င်းဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေး လျက်ရှိသည်။ ၎င်းလူနာတွင် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ၎င်းထံမှ ဓာတ်ခွဲနမူနာ များရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲအထိ သံသယလူနာ နှစ်ဦးအပါအဝင် လူနာကိုးဦးတို့အား ဆေးရုံများတွင် ဆက်လက် ၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက် ရှိသည်။
အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူ နေသော လူနာများအနက် လှိုင်သာယာ ပြည်သူ့ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မင်းပြားမြို့နယ် ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူ နေသော အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်စ်ရောဂါပိုးမရှိပါ ကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းတွင် သိရှိရသဖြင့် ဆေးရုံမှဆင်းခွင့် ပြုသင့်၊ မပြုသင့် ဆက်လက်စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
 
ကြေးမုံ