သတင်းထုတ်ပြန်ချက်

 

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဆိုသည့် ဇော်ဝေစိုးသည် ပြင်သစ်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာန France 24 နှင့် ၁-၇-၂၀၂၁ ရက်တွင် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဇော်ဝေစိုးက အကူအညီမဲ့နေသည့် မြန်မာပြည်သူများသည် မိမိကိုယ်ကို ခုခံသည့် နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းများကို အသုံးမပြုနိုင်တော့ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်    မြန်မာပြည်သူများအား   ကူညီရန်  ပြောကြားခဲ့ကြောင်း  သိရှိရသည်။ ဇော်ဝေစိုး၏ ပြောကြားချက်များသည် အကြမ်းဖက်တိုက်ခိုက်မှုများကို  ကျူးလွန်နေသူများအား   ခုခံ ကာကွယ်ပြောဆိုခဲ့ပြီး အားပေးအားမြှောက်ပြုလုပ်နေကြောင်း တွေ့ရှိရသည်။


အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော NUG သည် ၂၄-၆-၂၀၂၁ ရက်တွင် ပြင်သစ် အောက်လွှတ်တော်အမတ်အချို့နှင့်လည်းကောင်း၊ ၃၀-၆-၂၀၂၁ ရက်တွင် အထက်လွှတ်တော်အမတ် အချို့နှင့်လည်းကောင်း Online မှတစ်ဆင့်  တွေ့ဆုံဆွေးနွေးမှုများ  ပြုလုပ်ခဲ့ကြောင်း သိရှိရသည့် အတွက်  နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်  သံတမန်လမ်းကြောင်းမှတစ်ဆင့်   ပြင်သစ်ဘက်သို့ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ 


မြန်မာနိုင်ငံသည် မည်သည့်အကြောင်းပြချက်၊ မည်သည့်ပုံစံဖြင့့််မဆို အကြမ်းဖက်မှုနှင့် အစွန်း ရောက်မှုမှန်သမျှကို   ကျူးလွန်ခြင်းများအား   ရှုတ်ချသည့်ရပ်တည်ချက်ကို အစဉ်ကျင့်သုံးလျက်ရှိပြီး အကြမ်းဖက်မှုများကို  လက်ခံလိမ့်မည်မဟုတ်ကြောင်းနှင့်  ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။ 


ထို့ကြောင့်  ယခုကဲ့သို့ ဇော်ဝေစိုးက ပြင်သစ်အစိုးရပိုင်မီဒီယာမှတစ်ဆင့်   တွေ့ဆုံမေးမြန်းသည့် အစီအစဉ်ကိုအသုံးပြု၍   ပြည်တွင်း၌ဖြစ်ပေါ်နေသည့်   အကြမ်းဖက်မှုများကို   အားပေးအားမြှောက် ပြုလုပ်နေမှုနှင့်  မဟုတ်မမှန်ပြောဆိုနေမှုများကိုလည်း မြန်မာနိုင်ငံက ကန့်ကွက်ပါကြောင်း အသိပေး ဖော်ပြအပ်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်